သရုပ်ဆောင်မင်းသား ရဲတိုက်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ထပ်ချ

အင်းစိန်ထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ရဲတိုက်ကို ထောင်တွင်းအထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက်တယ်လို့ သူ့ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ ဆာတိုရီက သတင်းထုတ်ပါတယ်။ 

မင်းသား ရဲတိုက်ကို ပြီးခဲ့တဲ့နှစ်  ဧပြီလမှာ ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတရားရုံးက  ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားခဲ့ရာက နောက်ထပ် ထောင်ဒဏ် ၁၀ နှစ်ထပ်ချလိုက်တာဖြစ်ပါတယ်။ 

ပြီးတော့ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ပုဒ်မ ၁၆ (ဂ) နဲ့ ထောင်တွင်း အထူးတရားရုံးကိုတင် စစ်ဆေးနေရာက ၈ လလောက်အကြာမှာ ပုဒ်မ ၂၃ နဲ့ ထပ်တိုးတရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီဩဇာခံ အနောက်ပိုင်းခရိုင် တရားသူကြီး ဒေါ်လွင်လွင်ဌေးက  ၅ လလောက် စစ်ဆေးပြီး မေ ၂၇ ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာပါ။

ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ပြီးခဲ့တဲ့  ဒီဇင်ဘာလက အင်းစိန်ထောင်တွင်းအထူးတရားရုံး တရားခွင်မှာ ဦးနှောက်ကျုံ့တဲ့ဝေဒနာကြောင့် ရုတ်တရက်မေ့လဲခဲ့ပြီး ကျန်းမာရေးမကောင်းတဲ့ကြားက အမှုကို ဆက်လက် စစ်ဆေးနေတာဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသား ရဲတိုက်ကို မရမ်းကုန်းမြို့မရဲစခန်းက မူးယစ်ပုဒ်မ ၁၆(ဂ) နဲ့တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီအမှုအတွက် ရဲက တင်သွင်းတဲ့ သက်သေခံ စိတ်ကြွဆေးပြားတွေဟာ  ရဲတိုက်ရဲ့ ကိုယ်ပေါ်ကနေ ရှာတွေ့တာမဟုတ်ဘူးလို့ တရားရုံးမှာ စစ်ဆေးပေါက်ပေါက်တဲ့ အကြောင်း  သူ့ရဲ့ ဥပဒေအကြံပေး ရှေ့နေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မတရားမှုကိုလက်မခံဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့တာကြောင့်  သရုပ်ဆောင်  ရဲတိုက်၊ ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦး၊ အိန္ဒာကျော်ဇင်တို့ အပါအဝင် ပြည်သူလူထုဘက်ကရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေ အတော်များများကို စစ်ကောင်စီက  ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က)  ထောင်ဒဏ်တွေ သီးသီးချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မော်ဒယ်လ် ပိုင်တံခွန်နဲ့ ဒါရိုက်တာဝိုင်းတို့ အင်းစိန်ထောင်ကနေ ပြန်လွတ်မြောက်လာပေမဲ့  ရဲတိုက်၊ ပိုပိုနဲ့ မဝင်းမင်းသန်းတို့ ကတော့ ထောင်ထဲမှာ ဆက်လက် အကျဉ်းကျခံနေရတာ ဖြစ်ပါတယ်။

//
More News
Up