အာရှဆင်များ ကာကွယ်ရေး ပိုမိုမြှင့်တင် လုပ်ဆောင်မည်

အမျိုးသားသစ်တောနှင့် မြက်ခင်းပြင်အုပ်ချုပ်ရေးအဖွဲ့ဟာ အာရှဆင်များ ကာကွယ်ရေးကို ပိုမိုမြှင့်တင်ဖို့ ယူနန်ပြည်နယ် အာဏာပိုင်များနဲ့ အနီးကပ် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

အာရှဆင်တွေဟာ တရုတ်နိုင်ငံမှာ ပထမတန်းစား နိုင်ငံတော်ကာကွယ်ရေးအောက်မှာ ရှိနေတာပါ။ လက်ရှိ ယူနန်ပြည်နယ် အာရှတောရိုင်း ဆင်ကောင်ရေ ၃၀၀ ကျော်ရှိပြီး အကောင်ရေမှာ ဆက်တိုးပွားနေပါတယ်။ 

အာရှဆင်တွေ ကာကွယ်ရေးနဲ့ သူတို့ကျက်စားရာနေရာတွေကို ပြန်လည်ထူထောင်ရေးမှာ အားကောင်းလာစေဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး တောရိုင်းတိရစ္ဆာန်တွေနဲ့ဆက်နွှယ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ရွာသားတွေကို လျော်ကြေးပေးပြီးတော့ သတိပေးစနစ်တစ်ခု ထူထောင်လိုက်ခြင်းအားဖြင့် လူနဲ့ဆင် ပဋိပက္ခကို ပြေလျော့စေမယ်လို့ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ အာရှဆင်များ သုတေသနစင်တာမှ ဒါရိုက်တာ ချန်းဖေးက ပြောပါတယ်။ 

ယူနန်ပြည်နယ်အစိုးရနဲ့ အုပ်ချုပ်ရေးအဖွဲ့ကလည်း အာရှဆင်များ ကာကွယ်ရေးအတွက် အမျိုးသားဥယျာဉ်တွေနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ထူထောင်ခြင်းတွေကို လုပ်ဆောင်နေတယ်လို့ ချန်းက ဆိုပါတယ်။ 

၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁ - ၂၀၂၅) ထဲက ကယ်တင် ကာကွယ်ခြင်းအောက်မှာ မျိုးတုံးပျောက်ကွယ်လုနီးပါး မျိုးစိတ် ၄၈ မျိုးထဲမှာ အာရှဆင်တွေကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အမျိုးသားဥယျာဉ်တွေ တခြား သဘာဝကြိုးဝိုင်းများတည်ဆောက်ရေး အစီအစဉ်နဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ပရောဂျက်ကြီးများ အကောင်အထည်ဖော်ရေး အစီအစဉ်တွေထဲမှာလည်း အာရှဆင်တွေ ကာကွယ်မှုအတွက် စာရင်းထည့်ထားတယ်လို့ ချန်းက ပြောပါတယ်။ 

“ကျနော်တို့ဟာ သူတို့ရဲ့ဇာတိ စားကျက်မြေ  ပြန်လည်ထူထောင်ပေးရေးနဲ့ ဂေဟစနစ်စင်္ကြံ တည်ဆောက်ခြင်း လိုမျိုး အဓိကကျတဲ့ တာဝန်တွေအပြင် တိကျတဲ့ စီမံခန့်ခွဲမှုနဲ့ထိန်းချုပ်မှုကို မြှင့်တင်ဖို့တွေကို လက်တွေ့ကျကျ လုပ်ဆောင်ပေးရမှာဖြစ်တယ်။” 

၂၀၂၀ ခုနှစ် မတ်လက ယူနန်ပြည်နယ် ရှစ်ဆောင်ပနားရှိ သစ်တောကြိုးဝိုင်းတခုကနေ ထွက်ခွာသွားခဲ့တဲ့ အာရှဆင်ရိုင်းတအုပ်ဟာ မြောက်ဘက် ကီလိုမီတာ ၅၀၀ လောက် ခြေလျင်ခရီး သွားခဲ့ပြီး  ၂၀၂၁ ခုနှစ် ဇွန်လမှာတော့ ပြည်နယ်မြို့တော် ကူမင်းသို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီကနေ သူတို့ဟာ တောင်ဘက်ကို ပြန်သွားပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာတော့ သဘာဝဘေးမဲ့တောကို ဘေးကင်းကင်း ပြန်ရောက်လာခဲ့ကြပါတယ်။ အဲဒီအချိန်အတွင်းမှာ ဆင်တွေဟာ ဆင်ကလေးနှစ်ကောင်ကို မွေးဖွားခဲ့ပြီး ဆင်ထီးသုံးကောင်ဟာ သူတို့မိသားစုတွေကို ထားခဲ့ပြီးတော့ ပူအာမြို့ကို တကောင်ပြီးတကောင် ပြန်ရောက်လာခဲ့ပါတယ်။ 

သူတို့ရဲ့ခရီးရှည်ကြီးဟာ လူသားကမ္ဘာကို ကြီးမားတဲ့ စိတ်ဝင်စားမှုတွေ နှိုးဆွပေးခဲ့ပြီး သုတေသီတွေကို လူသားနဲ့ တောရိုင်းတိရစ္ဆာန် ပဋိပက္ခတွေကို လေ့လာဖို့ အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ 

//
More News
Up