ပင်လယ်ထဲ ဒုက္ခရောက်နေသည့် ဟေတီရွှေ့ပြောင်းနေထိုင် ၈၀၀ ကျော်ကို ကျူးဘားကူညီ

ဟေတီ ရွှေ့ပြောင်းနေထိုင်သူ ၈၄၂ ဦးကို တင်ဆောင်လာတဲ့ ရေယာဉ်တစင်းဟာ အမေရိကန်ဘက်ကနေ လမ်းကြောင်းလွဲပြီး ကျူးဘားနိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းကို မျောပါသွားတာကြောင့် ကျွန်းအာဏာပိုင်တွေက လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ အလျင်အမြန် စီစဉ်ခဲ့ရတယ်လို့ ကျူးဘားနိုင်ငံပိုင်မီဒီယာက မေ ၂၅ ရက်မှာ ထုတ်လွှင့်ပါတယ်။

နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန တယ်လီ-ကျူးဘန်နာကန်မှာ ပြသရာမှာ လှိုင်းလေတွေ ထန်နေတဲ့ ပင်လယ်ပြင်ထဲမှာ ယိမ်းခါနေတဲ့ မီးခိုးရောင်သင်္ဘောကြီးတစင်းရဲ့ပုံကို တွေ့မြင်ရပါတယ်။

ဟေတီနိုင်ငံသားတွေဟာ သင်္ဘောရဲ့ ကုန်းပတ်ဘေးတလျှောက်မှာ ပြည့်ကျပ်နေအောင် လိုက်ပါလာကြပြီး သင်္ဘောဦးစွန်းကနေ ပဲ့ပိုင်းအထိသာမက သင်္ဘောခေါင်မိုးတွေပေါ်မှာတောင် စီးနင်းကြတာကို ပြသထားပါတယ်။

မေ ၂၄ ရက် အစောပိုင်းက အဲဒီလှေကို ကျူးဘားက နာမည်ကျော် ကာယို ဆန်တာ မာရီယာ အပန်းဖြေကျွန်းအနီးမှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ရက်အတော်ကြာ မုန်တိုင်းထန်နေတဲ့ ရာသီဥတုနဲ့ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် လှေဟာ ကျူးဘားဘက်ကို ဦးတည်သွားခဲ့တာလို့ သတင်းမှာ ဆိုပါတယ်။

အမျိုးသမီးနဲ့ ကလေး ၁၅၀ ကျော် အပါအဝင် လှေပေါ်ပါလာတဲ့ ဟေတီ ရွှေ့ပြောင်းနေထိုင်သူတွေကို ကျူးဘားအစိုးရက လုပ်ဆောင်နေတဲ့ တိုးရစ် စခန်းချဧရိယာ တခုဆီ အာဏာပိုင်တွေက လွှဲပြောင်းပေးခဲ့ပြီး အဲဒီမှာ သူတို့ကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ ဆေးဝါးကုသမှုတွေ ပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့ပါတယ်။

ကျူးဘားနိုင်ငံဟာ အစားအသောက်၊ ဆေးဝါးနဲ့ တခြားအခြေခံကုန်ပစ္စည်းတွေ ပြတ်တောက်မှု ဖြစ်စေခဲ့တဲ့ စီးပွားရေးနဲ့ လူမှုရေး အကျပ်အတည်းကြောင့် ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းကို ကြုံနေရတာပါ။

လတ်တလောလပိုင်းတွေအတွင်း ကျူးဘားနိုင်ငံသား ထောင်ပေါင်းများစွာဟာ သူတို့ဇာတိကျွန်းနိုင်ငံက အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေနဲ့ ဆင်းရဲမွဲတေမှုတို့ကနေ လွတ်မြောက်ဖို့ ပင်လယ်ခရီးကနေ အမေရိကန်ကို ထွက်ခွာကုန်ကြပါတယ်။

ပင်လယ်ရေလမ်းကြောင်း လွဲတာတွေ၊ ရေယာဉ်အညံ့စားကြောင့် သို့မဟုတ် ရာသီဥတုကြောင့် ဘဟားမား၊ ကျူးဘား သို့မဟုတ် ကာရေဘီယံပင်လယ်ရှိ တခြားနေရာတွေကို ရောက်သွားတတ်ကြပါတယ်။

//
More News
Up