အခွန်လိမ်လည်မှုဖြင့် တရားရင်ဆိုင်နေရသည့် ရှာကီရာ၏ အယူခံ စပိန်တရားရုံး ပယ်ချ

အခွန်လိမ်လည်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ ကိုလံဘီယာအဆိုတော် ရှာကီရာရဲ့ အယူခံဝင်မှုကို စပိန်တရားရုံးက ပယ်ချလိုက်ပြီး စွပ်စွဲချက်နဲ့ပတ်သက်လို့ တရားရင်ဆိုင်ဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေ ပေးပို့ဖို့ ကနဦးဆုံးဖြတ်ချက်ကို မေ ၂၆ ရက်က အတည်ပြုလိုက်လိုက်ပါတယ်။

အဆိုတော် ရှာကီရာဟာ ၂၀၁၂ ကနေ ၂၀၁၄ ခုနှစ်အတွင်း ရရှိတဲ့ ဝင်ငွေအပေါ် အခွန် ယူရို ၁၄သန်းခွဲအထိပေးဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက အခိုင်အမာ ပြောဆိုထားပါတယ်။

ရှာကီရာဟာ စပိန်ကို ၂၀၁၅ ခုနှစ်ကျမှ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက သူ့ရဲ့အခွန်တာဝန်အားလုံးကို ပေးဆောင်ထားပြီးဖြစ်ကြောင်း ကိုလံဘီယာ ပေါ့ပ်စတားရဲ့ ကိုယ်စားလှယ်တွေက ပြောကြားပေမဲ့လည်း စပိန်ရှေ့နေတွေက ရှာကီရာဟာ အဲ့ဒီနှစ်ပိုင်းတွေက စပိန်နိုင်ငံမြောက်ပိုင်းက ကတ်တလိုနီးယားဒေသမှာ နေထိုင်ခဲ့ကြောင်း သူတို့က ချေပထားပါတယ်။

ဆုံးဖြတ်ချက်အသစ်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ တရားရုံးကို သွားစရာမလိုတဲ့ ကြိုတင်တရားစီရင်ချက်ကို အတည်ပြုထားတာဖြစ်ပြီး တရားရုံးအနေနဲ့ ရှာကီရာကို ရုံးတင်စစ်ဆေးပြီး ရက်စွဲသတ်မှတ်ဖို့ တရားဝင်အကြောင်းကြားစာ ပေးပို့ရဦးမှာပါ။

ရှာကီရာရဲ့ တရားရေးအဖွဲ့ကတော့ သူတို့ဟာ ဒီအမှုကို ခိုင်မာတဲ့ တရားဥပဒေကြောင်းအရ ငြင်းခုံမှုတွေနဲ့ ဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ကြောင်း မေ ၂၆ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အခွန်ကိစ္စနဲ့ပတ်သက်ပြီး ရှာကီရာရဲ့ တာဝန်ကျေမှုကတော့ သူ အခွန်ပေးဆောင်ရတဲ့ နိုင်ငံတိုင်းမှာ အမြဲ အမှားအယွင်းမရှိ အပြစ်ကင်းကြောင်းနဲ့ သူဟာ အတော်ဆုံးပညာရှင်တွေနဲ့ အကြံပေးတွေရဲ့ အကြံပြုချက်တွေကို ယုံကြည်ပြီး သစ္စာရှိရှိ လိုက်နာခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၄၅ နှစ်အရွယ် အဆိုတော် ရှာကီရာဟာ ဘာစီလိုနာ ဘောလုံးအသင်း နောက်ခံလူ ပီကေးနဲ့ ၂၀၁၁ ခုနှစ်ကတည်းက အတူနေထိုင်ခဲ့ကြပြီး သူတို့မှာ ကလေးနှစ်ယောက် ရှိပါတယ်။

//
More News
Up