ထိုင်းတောင်ပိုင်းရှိ နေအိမ်တလုံးတွင် မြွေဟောက် ၁၄ ကောင်တွေ့ရှိသဖြင့် မိသားတစုလုံး ထွက်ပြေးရ

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်ရှိ နေအိမ်တလုံးမှာ မြွေဟောက်ပေါက်စ စုစုပေါင်း ၁၄ ကောင်တွေ့ရှိတဲ့အတွက် အိမ်ထဲကလူတွေ မနေရဲတော့ဘဲ တမိသားစုလုံး ရွှေ့ပြောင်းလိုက်ရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါနေအိမ်မှာ ဟတ်ယိုင်မြို့နယ် ချလုန်းအုပ်စု ရပ်ကွက် ၂ ထဲက တထပ်တိုက်ပုတလုံးဖြစ်ပြီး အသက် ၄၃ နှစ်အရွယ် နိုင်းဧရာဝဏ်ဆိုသူ ပြောပြချက်အရ  သူတို့ဟာ အဲဒီအိမ်မှာ ငှားနေတာဖြစ်ပြီး သူတို့လင်မယားနဲ့ ကလေး ၃ ယောက် စုစုပေါင်း အိမ်သား ၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။

နိုင်းဧရာဝဏ်က သူတို့အိမ်မှာ မေ ၂၁ ရက်ကစပြီး မြွေဟောက်ပေါက်စတွေကို မကြာခဏ ရက်ဆက်တွေ့ရှိခဲ့ကြောင်း၊ အဆိုပါမြွေလေးတွေကို ကလေးဘွတ်ဖိနပ်ထဲမှာရော၊ ခေါင်းအုံးအောက်၊ စောင်အောက်၊ အဝတ်ပုံအောက်၊ ဘီရိုအောက်၊ စာရေးကိရိယာဘူး၊ စက္ကူအိတ်တွေထဲမှာ တွေ့ပြီး နေရာကတော့ အိပ်ခန်းနဲ့ ပစ္စည်းသိုလှောင်ခန်းထဲမှာလို့ ဆိုပါတယ်။

မေ ၂၃ ရက်မှာ သူက အိမ်ထဲက အပေါက်တွေရှိရာနေရာ ပိုးသတ်ဆေးဖြန်းပြီး မြွေရှိနိုင်မယ့်နေရာကို လိုက်ရှာတာမှာ အိမ်ကြမ်းခင်းအောက် အပေါက်ကနေရော၊ ကွဲအက်နေတဲ့ အင်္ဂတွေကြားထဲကနေ မြွေပေါက်စ ၇ ကောင် ထပ်ထွက်လာကြောင်း၊  အဲဒီညမှာ နောက်ထပ် ၁ ကောင် ထပ်ထွက်လာပြီး မေ ၂၁ နဲ့ ၂၃ ရက်အတွင်း စုစုပေါင်း ၁၄ ကောင်နဲ့ မြွေရေခွံတွေပါ တွေ့ရှိတယ်လို့ ဆိုပါတယ်။

တရပ်ကွက်ထဲနေသူတဦးကလည်း ပြီးခဲ့တဲ့လက အဲဒီအိမ်နားဖြတ်သွားတုန်း သူတို့အိမ်ဘေးကနေ လုံးပတ် လက်ကောက်ဝတ်လောက်ရှိ မြွေ ၂ ကောင် ထွက်လာတာ တွေ့လို့ မြွေပေါက်စရဲ့ အဖေနဲ့ အမေတွေ ဖြစ်မယ်ထင်တယ်လို့ ပြောပါတယ်။

နိုင်းဧရာဝဏ်ကတော့ မြွေတွေ ဆက်တိုက်တွေ့ပြီးတဲ့နောက် မိသားစုအန္တရာယ်ရှိမှာစိုးလို့ နောက်နေ့မှာပဲ ဆွေမျိုးသားချင်းအိမ်ကို ပြောင်းရွှေ့သွားကြတယ်လို့ ဆိုပါတယ်။

အိမ်ရှင်ဖြစ်သူကလည်း အဆိုပါအိမ်ဟောင်းကို ဖျက်ပြီး အသစ်ပြန်ဆောက်မယ်လို့ ပြောပါတယ်။

//
More News
Up