Live
Home
မြန်မာသတင်း
လက်နက်ထောက်ပံ့ပေးရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တောင်းဆို
DVB
·
May 27, 2022

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်အင်အားနဲ့ စစ်ရေးခေါင်းဆောင်တွေ လိုအပ်နေတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းကို ဧပြီနဲ့ မေလအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံ မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

ဒေသတွင်း မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ လက်လုပ်သေနတ်တွေနဲ့ အင်အားချင်းမမျှဘဲ ပြန်လည်တိုက်ခိုက်နေကြရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

Local PDF တွေအနေနဲ့ အထက်တာဝန်ရှိသူတွေကို ချိတ်ဆက်ပေမယ့်လည်း တုံ့ပြန်မှုမရှိ ဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်က Khin U PDF တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ကျနော်တို့မှာ ချိတ်ဆက်မှုမရှိဘူးဗျ၊ ကျနော်တို့ လိုကယ်တွေ အထက်က တာဝန်ရှိတဲ့သူတွေကို ချိတ်ဆက်တာပေါ့၊ ဒါပေမဲ့ တုံ့ပြန်မှုအားကျတော့ မရှိဘူးဖြစ်နေတယ်၊ လိုကယ်တွေဆိုတော့။ စစ်ဘေးဆိုလို့ရှိရင်လည်း အသင့်အတင့်ပေါ့၊ အများကြီး မဟုတ်တောင်မှ မြို့နယ်ဆိုရင်လည်း မြို့နယ်အလိုက်ပေါ့၊ အဲလိုမျိုး ထောက်ပံ့မှုအချို့ပေါ့၊ ကျနော်တို့ ဒီ လိုကယ်တွေဆိုရင်လည်း လိုကယ်တွေကို ပြန်ကြည့်စေချင်တယ်။”

အခြားလှူဒါန်းတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း Local PDF တွေကို ကူညီထောက်ပံ့မှု အားနည်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

“လိုကယ်တွေအနေနဲ့ ကျနော်တို့ ဒီ တခြားအဖွဲ့အစည်းကို အလှူခံတာဆိုလို့ရှိရင်ပေါ့ဗျာ၊ တကယ် အလှူရှင် ထောက်ပံ့မှုလုပ်နေတဲ့ အဖွဲ့အစည်းတွေမှာ အကူအညီ တောင်းခံလို့ရှိရင် ကျနော်တို့ကိုမေးတာ အရမ်းသိမ်ငယ်တယ်။ ဘာလို့လဲဆိုတော့ သူတို့မေးတဲ့မေးခွန်းက MOD လား၊ NUG လား၊ MOD နောက်ခံမဟုတ်ရင် မလှူနိုင်ဘူးပေါ့၊ NUG မဟုတ်ရင် ထောက်ပံ့မှုမရနိုင်ဘူး၊ ဘာလို့လဲ ကျနော်တို့ လိုကယ်တွေကရော အသက်ပေးပြီး တိုက်နေတာ မဟုတ်ဘူးလား။ ကျနော်တို့ ဒီ သူတို့ကို လိမ်တယ် ညာတယ်ဆိုရင်လည်း ကျနော်တို့ ဒီအဖွဲ့အစည်းဟုတ်မဟုတ် သူတို့ စစ်ဆေးလို့ရတဲ့ အတိုင်းအတာတွေမှာ အများကြီးရှိတယ်။ ကျနော်တို့ ဘယ်မြို့နယ်မဆို ပကဖဆိုတာ ရှိတယ်ဗျာ၊ ပကဖကနေတဆင့် ချိတ်ဆက်မယ်ဆိုလို့ရှိရင် အများကြီး ချိတ်ဆက်လို့တော့ ရတာပေါ့ ဗျာ။ ဒါပေမဲ့ အခု အဲလိုမျိုးတွေဆိုတော့ ကျနော်တို့ တကယ် အရမ်းစိတ်မကောင်းဖြစ်ပါတယ်။”

လက်နက်ခဲယမ်းတပ်ဆင်ရာမှာ ထောက်ပံ့မှုမရှိရင် လက်လုပ်သေနတ်တွေနဲ့ တိုက်ခိုက်ရတာမှာ အဆင်မပြေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အလားတူ မကွေးတိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လျက်ရှိရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့ စစ်ရေးအတွေ့အကြုံနဲ့ ထောက်ပံ့အင်အား များစွာအားနည်းနေတာကြောင့် အတွေ့အကြုံရင့်ကျက်တဲ့ စစ်ရေးခေါင်းဆောင် အရေးပေါ် လိုအပ်နေတယ်လို့ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်းကနေ သိရပါတယ်။

အခု မိုးဦးကာလအတွင်းမှာ စစ်ကောင်စီတပ်ဟာ EAOs ဒေသတွေကို တိုက်စစ်လျှော့ချပြီး မြေပြန့်ဒေသကို စိုးမိုးနယ်မြေချဲ့ထွင်မှု ဦးစားပေး လုပ်ဆောင်နေတယ်လို့ ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်းကနေ သိရပါတယ်။

ရေစကြိုမြို့နယ်နဲ့ မြောင်ဒေသအတွင်းမှာ ကျေးရွာတရွာထဲကို အခြေမစိုက်ဘဲ ရွာစဉ်အလိုက် မီးရှို့ဖျက်ဆီးကာ အထိတ်တလန့်ဖြစ်စေတဲ့ အနေနဲ့ PDF တွေအပေါ် ထောက်ပို့လုပ်ငန်းနဲ့ စစ်ရေးပြင်ဆင်မှုမှာ နှောင့်နှေးအောင် ဆောင်ရွက်နေတာကြောင့် PDF တွေနဲ့ LDF တွေအနေနဲ့ ပြောက်ကျားစစ် ဆင်နွှဲနိုင်မှု တနေ့တခြား အားနည်းလာနေတယ်လို့ သိရပါတယ်။

ဒေသတွင်းမှာ အင်အားတောင့်တင်းတဲ့ PDF အဖွဲ့ပေါင်းစုံနဲ့ လက်လုပ်သေနတ်တွေပဲ ကိုင်ဆောင်နိုင်တဲ့ LDF များစွာရှိပေမဲ့ နိုင်ငံရေးအရ ဦးဆောင်နိုင်တဲ့၊ စစ်ရေးအရ ဦးဆောင် အမိန့်ပေးနိုင်တဲ့ အတွေ့အကြုံရင့်ကျက်တဲ့ စစ်ရေးခေါင်းဆောင် လုံးဝမရှိတာကြောင့် MOD အနေနဲ့ အဆိုပါကိစ္စကို အရေးပေါ်ဆောင်ရွက်သင့်ကြောင်း အစီရင်ခံချက်ကို မေ ၂၂ ရက်က ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့ လက်နက်အင်အား လိုအပ်နေပြီး လက်နက်ကောင်းတွေ ချပေးစေချင်တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“PDF တွေက နိုင်ငံရေးကိုလည်း ကူညီစောင်မနေတာ၊ သူတို့လည်း လက်နက်ကောင်းမရှိတော့ လက်နက်ကောင်းရှိရင်တော့ နိုင်မှာပါ။ ဒါမို့ဆိုရင်တော့ မနိုင်ဘူး၊ အဲဒါလေးတွေ ချပေးဖို့ နိုင်ငံတော်ကို တောင်းဆိုချင်ပါတယ်။”

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းသွားရာတလျှောက်က ကျေးရွာတွေက တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူသယ်ဆောင်နေကြသလို ကျေးရွာ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတာကြောင့် ဒေသခံ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024