မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရခိုင်နဲ့ တနင်္သာရီတိုင်းကိုပို့မယ့် ငွေကျပ်သိန်းပေါင်း ၅ သောင်း ( ၅ ဘီယီယံ) တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေဖမ်းမိပြီး အဓိကတာဝန်ရှိသူကတော့ လွတ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က မေလ ၂၆ ရက်က ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ မေ ၁၇ ရက်ညနေပိုင်းက မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်နေ ဇော်မင်းစိုးရဲ့ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ ကျော်ကျော်အောင်၊ ဝင်းထွန်း၊ လှစိန်မောင်၊ ချစ်ဦးမောင်၊ ဇင်မင်းကို၊ လွင်မင်းထိုက်နဲ့ သက်ပိုင်ဦးတို့ ၇ ယောက်နဲ့အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ မြန်မာငွေကျပ်သိန်း ၅၀ တို့သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၂ နာရီအချိန်မှာ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၃)ရပ်ကွက်၊ စံပယ်လမ်းမှာ ဇော်မင်းစိုးကနေ ကျော်ကျော်အောင်နာမည်နဲ့ ငှားပေးထားတဲ့အိမ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ထပ်ပြီး သိမ်းဆည်းရမိခဲ့လို့ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ်သိန်းပေါင်း ၅ သောင်း တန်ဖိုးရှိတဲ့  စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကွင်းဆက်အရ မေ ၁၈ ရက် မနက်ပိုင်းက မြိတ်မြို့၊ မြိတ်တောင်နယ်မြေမှာ မမီးငယ်စိုး(ခ)သီတာစိုး ကို မြန်မာငွေကျပ် ၈၅ သိန်း၊ ပြည့်စုံနဲ့ ကျော်သူတို့ကို HINO ၆ ဘီး မော်တော်ယာဉ်တစီး၊ မြန်မာငွေကျပ်သိန်း ၄၀ တို့နဲ့ အသီးသီး ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရှမ်းပြည်နယ်ကနေ ရန်ကုန်မြို့ကို သယ်ဆောင်ပြီး တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်ဆီကို သယ်ဆောင်ရောင်းဝယ်တာဖြစ်ပြီး သယ်ဆောင်ရောင်းဝယ်သူ ဇော်မင်းစိုးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

//
More News
Up