“အညာမြေအတွက်သိန်းတစ်ထောင်”ကမ်ပိန်းမှ ကျပ် သိန်း ၁၂၀၀ ကျော်ရရှိ

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရရာလက်နက်ကို ဆွဲကိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ အညာမြေက သူရဲကောင်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် သိန်းတစ်ထောင်ကမ်ပိန်းကို စတင်ခဲ့ရာမှာ အချိန် ၁၀ ရက် အတွင်း  ငွေကျပ်သိန်း  ၁၂၀၀ ကျော် ရရှိထားခဲ့တယ်လို့ သိရပါတယ်။

“အညာမြေမှာ ရွာဦးထိပ် ဘုန်းတော်ကြီးကျောင်းကနေ တရွာလုံးက အိမ်ကြီးရခိုင်တွေ တဲငယ်လေးတွေကအစ မြင်မြင်သမျှ ရွာလုံးကျွတ် မီးတင်ရှို့ခံရတာ… နံရိုးပြိုင်းပြိုင်းနဲ့ နွားပိန်လေးတွေ လှည်းတပ်၊ အိမ်က ရှိစုမဲ့စုလေးတွေ ထုပ်ပိုး၊ လယ်ကန်သင်းရိုးမယ် အမျိုးသမီးလေးတွေ လှည်းမောင်းပြီး မိသားစုတွေ လွတ်ရာပြေးကြရတာ… အမယ်အိုကြီးတွေ၊ ကလေးငယ်လေးတွေ၊ စိုက်ပျိုးသူမဲ့ ခြောက်ခမ်းယာမြေတွေ… အညာဟာ ဘဝနဲ့ ရင်းနေကြရတာ မျက်မြင်ပါပဲ ”လို့ ဒီကမ်ပိန်းစီစဉ်သူတွေက ဆိုပါတယ်။

ဒီကမ်ပိန်းကိုတော့ People Of Evolving Myanmar အဖွဲ့က ဦးဆောင်တာဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံနဲ့ Payment Gateway တွေကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

“POEM ရဲ့ သတင်းကောင်းလေးပါ… ✨အညာအတွက် သိန်းတစ်ထောင်ကမ်ပိန်း✨ ဆယ်ရက်မြောက်နေ့မှာ “သိန်း ၁၂၀၀” ရခဲ့ပါတယ်.. ❤️❤️တနေ့ကို သိန်းတစ်ရာ မပြည့်ပြည့်အောင် တွန်းပြီး ငွေရှာတာ တချို့ရက်တွေမှာ တစ်ရာ ကျော်အောင် ရခဲ့တာဟာ ဝိုင်းပြီး လှူပေးကြတဲ့ ပြည်သူတွေရဲ့ သဒ္ဓါတရားပါပဲ.. ဒီလအတွက် လက်ရှိ ၉၇၂ သိန်း မြေပြင်အရောက် ပို့ပြီးပါပြီရှင်.. ကျန်သေးတဲ့ နိုင်ငံခြားငွေတွေလည်း မြန်မာပြည် အမြန်ပို့မှာပါ.. ဝိုင်းလှူပေးကြတာ ကျေးဇူးပါနော်..🥰🥰”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်း နေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

//
More News
Up