ဆားလင်းကြီးမြို့နယ်၌ ပြည်သူပိုင် ဈေးဆိုင်တန်းကို စစ်တပ်က မီးရှို့ပြီး ရွာသား ၂ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မေလ ၂၆ ရက်မနက်  ပြည်သူပိုင် ဈေးဆိုင်တန်းတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်  မီးရှို့ဖျက်ဆီးပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွားတဲ့ ရွာသား  ၂ ယောက်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် မြန်မာယန်စီကုမ္ပဏီဘေးက ဝါးတန်းကျေးရွာ၊ မုံရွာ - ယင်းမာပင်ကားလမ်းမကြီး ဘေးမှာရှိတဲ့ စျေးဆိုင်တဲတွေကို ဒီမနက် ၇ နာရီခွဲလောက်က မီးရှို့ခဲ့တာပါ။

မီးရှို့တဲ့ အကြမ်းဖက်စစ်သားတွေဟာ ယင်းမာပင်မြို့နယ် အောင်ချမ်းသာကျေးရွာမှာ တပ်စွဲခဲ့သူတွေဖြစ်ပြီး မနေ့က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ ယင်းမာပင်မြို့အရှေ့ခြမ်း ထန်းတောကြီးကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဆားလင်းကြီးမြို့နယ်ကို ယမားတံတားကနေ ဖြတ်ကူးလာကာ ယမားတံတားအဝင်မှာရှိတဲ့ ဂုဏ်တောကျေးရွာထိပ်က စားသောက်ဆိုင်တဆိုင်ကိုလည်း မီးရှို့ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးတော့ မုံရွာ - ပုသိမ်လမ်းမကြီးအတိုင်း ဆင်းလာပြီး ဒုန်းတောကျေးရွာသား ၄ ယောက်ကို ဓားစာခံအဖြစ် ခေါ်သွားပြီး ကံကုန်းကျေးရွာအနောက်ဘက်မှာ တယောက်၊ ကံကုန်းသုသာန်နားမှာ တယောက်ကိုသေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက် ၃၀ ဝန်းကျင် အိမ်ထောင်သည်တွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနေ့ကညနေ နေဝင်ချိန်မှာ ကြေးနီမိုင်းကုမ္ပဏီ ယန်စီထဲကို ဝင်ရောက်သွားပြီးနောက် အနားမှာရှိတဲ့ ဝါးတန်းကျေးရွာကို သေနတ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြောက်လှန့်ခဲ့ပြီး ဝါးတန်းရွာဦးဘုန်းတော်ကြီးကျောင်းမှာ ညအိပ်ရပ်နားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီမနက်မှာတော့ ဝါးတန်းရွာနားက ဈေးဆိုင်တွေကို မီးရှို့ဖျက်ဆီးပြီးနောက် ယင်းမာပင်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေပြီး အင်ကြင်းတောင်မှာ စခန်းချနေပါတယ်။

//
More News
Up