မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ရဟတ်ယာဉ် ၄ စီးအပါအဝင် ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စံပယ်ရွာ၊ ပနန်းရွာ၊ ယင်းမာရွာ၊ စင်ပုံရွာ စုစုပေါင်းရွာ ၄ ရွာက ဒေသခံ ၁၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေနကြရပါတယ်။
“ကျနော်တို့နေတဲ့ ရွာဘက်တွေကို ရဟတ်ယာဉ်နဲ့ပစ်ကြတာ လေကြောင်းကနေလည်း တိုက်ခိုက်တယ်၊ စစ်သားတွေချသွားတယ်လို့လည်းကြားတယ်၊ အခုတော့ တောထဲမှာ ပြေးနေကြရတယ်၊ နေကပူနဲ့တော်တော်ခက်ခဲတယ်” လို့ စစ်ရှောင်တဦးက ဒီဗွီဘီကိုပြောပါတယ်။
စစ်ရှောင်ပြည်သူပေါင်း ၁၀၀၀ ကျော်ဟာ ရုတ်ရက်ပြေးလွှားလာကြရတာကြောင့် စားစရာဆန်တွေနဲ့ ဝတ်စရာအဝတ်အထည်တွေ ပါမလာကြဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရထားတဲ့ စစ်ရှောင်ပြည်သူတွေရှိပေမဲ့ စစ်ဘေးရှောင်တွေဟာ တစ်နေရာတည်းမှာ အတူမရှိတာကြောင့် ဒီဗွီဘီအနေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဂန့်ဂေါ PDF ပြန်ကြားရေးတာဝန်ခံကို မေးမြန်းရာမှာတော့ ဒီနေ့ညနေ ၃ နာရီအထိ လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ်နေဆဲဖြစ်တာကြောင့် အခြေအနေအသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။
“ခုလက်ရှိအချိန်ထိ လေကြောင်းကနေ ပစ်ခတ်ခံရဆဲမို့ အခြေအနေ အသေးစိတ်ဖြစ်စဉ်ကို ပြောပြလိုမရသေးဘူး၊ အခြေအနေတည်ငြိမ်သွားမှသာ ဖြစ်စဉ်ကို ပြောပြလို့ရမှာ။”
သတင်း-ဇာနည်ဖြိုးဝေ