စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ မေ ၂၅ ရက်က ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦတွေကို စစ်ကောင်စီတပ်ဖွဲ့က ရွာစဉ်ထိုး မီးရှို့ခဲ့သလို စစ်ရှောင်ပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂၄ ရက် ညက အောင်ချမ်းသာကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မေ ၂၅ ရက် မနက် ၇ နာရီဝန်းကျင်လောက်စတင်ပြီး အောင်ချမ်းသာကျေးရွာအတွင်းက နေအိမ် ၃ လုံးနဲ့ ယာယီစာသင်ကျောင်းဆောင် ၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကာ အဲဒီကျေးရွာကနေ တခြားကျေးရွာတွေဘက်ကို ဆက်လက် ခရီးထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF အဖွဲ့တွေက မြရိပ်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ မြရိပ်ကျေးရွာက အပြစ်မဲ့ပြည်သူ ၉ ဦး ပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အဦ ၁၃ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မြရိပ်ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခရီးဆက်လက်ထွက်ခွာသွားခဲ့ပြီး ဆည်ထန်းတောကြီးကျေးရွာအနီးမှာလည်း PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာ ထပ်မံခံခဲ့ရတယ်လို့ ပြောပါတယ်။
ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဟာ ဆည်ထန်းတောကြီးကျေးရွာကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး ပြည်သူ ၈ ဦးပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အဦ ၁၂ လုံးကို ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆည်ထန်းတောကြီးကျေးရွာဟာ ဒုတိယအကြိမ်မြောက် စစ်ကောင်စီတပ်က မီးရှို့ခဲ့တာဖြစ်ပြီး မတ် ၂၂ ရက်နေ့ကလည်း နေအိမ်အဆောက်အဦ အလုံး ၂၀ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီကျေးရွာမှာ စုစုပေါင်း အဆောက်အဦ ၄၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီးဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မေ ၂၅ ရက် ညနေ ၄ နာရီဝန်းကျင်လောက်မှာ ဆားလင်းကြီးမြို့နယ်ဘက်ကို သေနတ်တွေနဲ့ တရစပ် ပစ်ခတ်ဝင်ရောက်သွားခဲ့ပြီး ဂုဏ်တောကျေးရွာအနီးက စစ်ကောင်စီ ရဲကင်းအဆောက်အဦ ၂ လုံးနဲ့ မြောက်ယမားတံတားဂိတ်တဲ အဆောက်အဦ ၄ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ရွာသာကျေးရွာက စစ်ရှောင်ပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြတယ်လို့ ဆားလင်းကြီးမြို့နယ် ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံခဲ့ရသူတွေဟာ ကိုကျော်ငြိမ်းနဲ့ ဖားကြီး (ခ) ကိုချစ်သိန်းဇော်တို့ ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ရန်ကို ကြောက်လို့ တခြားတနေရာမှာ တိမ်းရှောင်နေတုန်း တွေ့ရှိသွားခဲ့ရာက အခုလို သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
အခုလို ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က နေအိမ်အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂ ဦးကိုသတ်ဖြတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မေ ၂၄ ရက်က တရော်ကျင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ပဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရွာစဉ်ထိုး သွားလာလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူတွေလည်း နေအိမ်တွေမှာ မနေရဲကြဘဲ မိုးထဲလေထဲမှာ လူဦးရေ သောင်းချီ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။