Home
မြန်မာသတင်း
ကျောက်ထု​ဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံး
DVB
·
May 25, 2022

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသမှာ မေလ ၂၄ ရက်နဲ့ ၂၅ ရက်တွေက စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အယောက် ၃၀ ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထု-PDF(YRPA)ကနေ သိရပါတယ်။

ကျောက်ထုဒေသ တပြင်းကျေးရွာကနေ ပုံတောင်တောင်ခြေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မနေ့က မေလ ၂၄ ရက်က မိုင်း ၃ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ ယောဒေသကာကွယ်ရေးတပ်ပေါင်းစု YRPA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

“မနက်စောစော ၅ နာရီလောက်မှာ မိုင်း ၂ လုံး၊ မနက် ၉ နာရီလောက်မှာ ၁ လုံး၊ ညနေ ၃ နာရီလောက်မှာ ၁ လုံး၊ စုစုပေါင်း မိုင်း ၄ လုံးဆွဲပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်တယ်။”

ပုံတောင်ထိပ်ကနေ အရှေ့ဘက်ကို ရှေ့ပြေးပွိုင့်အနေနဲ့ အင်အား ၅၀ လောက်နဲ့ ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဒီမနက် ၁၁ နာရီလောက်မှာ မိုင်းကွင်းထဲ ဝင်လာလို့ ရီမုမိုင်း ၃ လုံး၊ ကားမိုင်း ၂၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား  ၃၀ ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ထီးလင်းမြို့နယ် ရေမျက်နီရဲစခန်းကိုလည်း မေ ၂၀ ရက်ညနေပိုင်းမှာ ယောဒေသကာကွယ်ရေးတပ်

ပေါင်းစု YRPA က ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ထုဒေသကနေ ပခုက္ကူမြို့ဘက်ကို ထွက်ခွာမယ့် အင်အား ၂၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီရဲ့ ရိက္ခာယာဥ်တန်း ရှေ့ပြေးပွိုင့် စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ကိုလည်း မေ ၂၂ ရက် မနက်ပိုင်းမှာ ကျောက်ထု-PDF(YRPA) နဲ့ The Youth Force (ဆော၊ ကျောက်ထု)တို့ ညီနောင်မဟာမိတ် ၂ ဖွဲ့က ပဒေသာမိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

YRPA တပ်ပေါင်းစုကို မတ်လ ၂၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ယောဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကို စုစည်းနိုင်ဖို့၊ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း ပွတ်တိုက်တဲ့ ပဋိပက္ခတွေကို လျှော့ချနိုင်ဖို့နဲ့ စစ်တိုက်ခိုက်တဲ့အခါ ပိုမိုတောင့်တင်းတဲ့ ထိရောက်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တာလို့ ဗိုလ်မင်းကျော်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024