မိုးကောင်းမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးအနီး ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက်မှာရှိတဲ့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနီးမှာ မေ ၂၅ ရက် မနက် ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရုံးဟာ မီတာခမဆောင်ရင် မီးဖြတ်မယ်လို့ ခြိမ်းခြောက် မီတာခကောက်ခံနေတဲ့ရုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လျှပ်စစ်ရုံးအနီးနေထိုင်သူ ဒေသခံ အမျိုးသားတဦးက “ဗုံးပေါက်တာက လျှပ်စစ်အင်ဂျင်နီယာရုံးဘေးမှာ ပေါက်တာ၊ မနက်အစောကြီးဆိုတော့ အသံအတော်ကျယ်တယ်။ အသံဗုံးဖြစ်ဖို့များတယ်။ ထိခိုက်ပျက်စီးတာတော့ မရှိဘူး။ မီတာခ အတင်းလိုက်ကောက်နေလို့ သတိပေးတာလည်း ဖြစ်နိုင်တယ်" လို့ ပြောပါတယ်။

မြို့နယ် လျှပ်စစ်ဝန်ထမ်းတွေက မေလလယ်လောက်ကစပြီး လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့အတူ ခြိမ်းခြောက်ကာ မီတာခ အတင်းအကျပ် လိုက်လံကောက်ခံခဲ့တာလို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

"ပြီးခဲ့တဲ့အပတ်လာက်ကစပြီး မီတာခ လာကောက်တာ ရဲနဲ့ စစ်တပ်က လက်နက်အပြည့်အစုံနဲ့၊ ထွေအုပ်လည်း ပါလာတယ်။ မီတာရုံးကသူတွေက မီတာခ ဆောင်မလား၊ မဆောင်ရင် မီတာဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ မီတာဆောင်လိုက်ရတယ်။ ဒီနေ့မနက် ဗုံးပေါက်သံကြားလို့ စုံစမ်းကြည့်တော့ လျှပ်စစ်အင်ဂျင်နီယာရုံးနား ပေါက်တာ သိရတယ်။ ဘယ်အဖွဲ့ကလုပ်လဲတော့ မသိရဘူး။"

မီတာခ အတင်းအကျပ် ကောက်ခံခဲ့လို့ မေ ၁၃ ရက်နေ့က မိုးညှင်း လျှပ်စစ်အင်ဂျင်နီယာရုံးနဲ့ မေ ၁၉ ရက်နေ့က ဗန်းမော် လျှပ်စစ်အင်ဂျင်နီယာရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မိုးကောင်းလျှပ်စစ်အင်ဂျင်နီယာရုံးကတော့ ကချင်ပြည်နယ်အတွင်း မီတာခ အတင်းအကျပ်ကောက်လို့ ဗုံးခွဲခံရတဲ့ တတိယမြောက်ရုံး ဖြစ်ပါတယ်။

//
More News
Up