အာဏာရှင်ဘုန်းကြီးတွေ ဘယ်လဲ ( သူ့အတွေး သူ့အမြင် – Op-Ed)

နွေဦးတော်လှန်ရေးက ရှစ်လေးလုံးအရေးတော်ပုံနဲ့ပင်မတူ၊ အရှိန်အဟုန်ပြင်းစွာနဲ့ အရာအားလုံးကို မေးခွန်းထုတ်တယ်။ စိန်ခေါ်သံတွေက သူ့အလွှာ သူ့ကဏ္ဍအလိုက်။ ဖြူမလား၊ မည်းမလား တစ်ခွန်းတည်း ပြတ်ပြတ်သားသား ဖြေရတာချည်း။ ဟိုလိုလို ဒီလိုလို လုပ်တာကို လက်မခံ။ ဝေ့လည်ကြောင်ပတ် မရှိ၊ နောက်ကျမှ အေးဆေးဖြေပါရစေ ဆိုတာမျိုး အချိန်ဆွဲခွင့် မရှိ။

လူပုဂ္ဂိုလ် တစ်ဦးချင်းစီအလိုက် ရဲရဲဝံ့ဝံ့သာဖြေ။ မိသားစုဝင်ချင်းလည်း မညှာ၊ မိတ်ဆွေ သူငယ်ချင်းပေမဲ့ အရောင်ချင်းမတူရင် ဒီဘဝ ဒီမျှသာဆိုတာချည်း။ ရောင်စုံဖူးပွင့်နေတဲ့ ခေတ်တစ်ခုဆီ ရောက်ရှိလေမလားလို့ ကျနော်တို့ လျှောက်ကြရင်း ကြားအဖြေမရှိ တိခနဲ ပြတ်ရတဲ့နေ့တွေဆီ ကျနော်တို့ ပြန်ရောက်ကြတယ်။

ပြောရရင် နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်ကိုသာမက ကိုးကွယ်ယုံကြည်မှုကအစ အင်မတန် အာဏာကြီးလှတဲ့ ယဉ်ကျေးမှုတွေကိုပါ တော်လှန်ပစ်တဲ့ပွဲမို့ ထက်ရှလွန်းလှတယ်။ ဒီနေ့ခေတ် ဂျန်ဇီးတွေဆိုတာက လူကြီးသူမတွေရှေ့ ခေါင်းငုံ့သွားရမယ်ဆိုတာကို လက်ခံပေမဲ့ လူကြီးသူမတွေ ပြောသမျှ မှားမှား မှန်မှန် ခေါင်းငုံ့လက်ခံရမယ် ဆိုတာမျိုးကိုတော့ လက်မခံ။ လူကြီးသူမတွေကို ပြန်လှန်မေးခွန်းထုတ်ခြင်းအပေါ် ရိုင်းစိုင်းတဲ့ အပြုအမူလို့ မမြင်။ မေးခွန်းတွေဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းရဲ့ မရှိမဖြစ် ကိရိယာ။ လူကြီးသူမမို့ ဦးချရမယ် ဆိုတာကို လက်ခံနိုင်ပေမဲ့ လူကြီးပြောသမျှ လူကြီးမို့ လိုက်ဦးချမှာတော့မဟုတ်။ ရှေးသရောအခါတွေ နားလိုက်တော့။ မြန်မာ့လူ့အဖွဲ့အစည်းက ပိုးမွေးသလို မွေးခဲ့ပြီး အိမ်ဦးခန်းပေါ် သထားတဲ့ ဗိုင်းကောင်းကျောက်ပိ ယဉ်ကျေးမှုတွေ ဘာတွေလည်း ခေါက်ထားလိုက်တော့။ ရှေ့ဆက်လှမ်းကြမယ့် ခရီးမှာ အစဉ်အလာမို့၊ ကိုးကွယ်ယုံကြည်မှုမို့ ရှေးထုံးမို့ အသုံးမလိုလည်း ဆက်ယူသွားမှာ မဟုတ်။ မလိုတာကို မလိုတဲ့အတိုင်း ချန်ထားခဲ့မယ်ဆိုတဲ့ ခေတ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ငြိမ်းချမ်းရေးမြို့လို့ဆိုတဲ့ လေးကေ့ကော်မြို့သစ်ကို မင်းအောင်လှိုင် အကြမ်းဖက်တပ်က စစ်ကြောင်းထိုးတော့ ဒေါနတောင်တန်းပေါ် ၄ နာရီလောက် တက်ဆင်းပြီးမှ ရောက်တဲ့ စခန်းတစ်ခုမှာ ခေတ္တခိုလှုံခဲ့ရ။ အဲဒီမှာ ဂျန်ဇီးလူငယ်လေးတွေနဲ့ စကားလက်ဆုံကျတဲ့ တစ်ရက်၊ လူငယ်လေးတစ်ဦးက ဘာသာရေးဆိုရင် မထိရဲ မတို့ရဲ။ ဘုန်းကြီး ဟောသမျှတရား ခြွင်းချက်မရှိ လက်ခံရတဲ့ အစဉ်အလာကို ကျနော်တို့လူငယ်တွေ မေးခွန်းထုတ်ရတော့မယ်လို့ ဆိုလိုက်တော့ ကျနော် ကြွေခဲ့ရတယ်။

ကျနော်တို့ရဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုက ဟိုးအစ ပျူခေတ်ကတည်းက ပြန်လှန်မေးခွန်းထုတ်ခွင့်မရှိ ဒါဆို ဒါ။ ဘုန်းကြီး ဟောသမျှ တရားဆိုတာ မေးခွန်းထုတ် အဖြေထပ်ရှာစရာမလို၊ အားလုံးဟာ အမှန်တွေချည်းမို့ လိုက်နာကျင့်ကြံဖို့သာ ကိုယ့်တာဝန် ဆိုတာမျိုး။ ဘုန်းကြီးက တရားဟောမယ်၊ လူတွေက လိုက်နာကြမယ်ဆိုတာမျိုး ကျနော်တို့ရဲ့ ကိုးကွယ်မှုက စီရင်ချက်ချပြီးသား။ နှစ်ပေါင်းရှည်ကြာ မျိုးဆက်အလီလီ အဲဒီလို မေးခွန်းထုတ်ခွင့် မရှိ ပြတ်ပြတ်သားသား အာဏာရှင်။

ကျနော်တို့ရဲ့ ဘာသာတရားက လူ့အဖွဲ့အစည်းရဲ့ ဟိုးအတွင်းသားအထိ စူးစူးရဲရဲ မွှေနှောက် စေးထန်လွန်းခဲ့တာမို့ သင်္ကန်းစည်းထားတဲ့ ဘယ်သူမဆို သာမန်လူတွေထက် အလိုလို မြင့်မြတ်ပြီးသားလို့ ကျနော်တို့ စုံမှိတ်ခဲ့ကြတယ်။ ဘုန်းကြီးမြင်ရင် ကုန်းကန်တော့မယ်။ ဘုန်းကြီး ပြောသမျှ ဝေဖန်ပိုင်းခြားခြင်း မရှိ၊ တင်ပါ့ဘုရား ဆိုတာချည်း။

ကျနော်တို့ရဲ့ ကိုးကွယ်မှုပုံစံကိုက ဘုန်းကြီးကို အာဏာရှင်ဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့ကြတယ်။ ကြာလာတော့ ဘုန်းကြီးဆိုတာကလည်း သူတို့ကိုယ်သူတို့ ပြောသမျှ မှန်တယ်လို့ ယုံကြည်လာကြတယ်။ ကြည့်စမ်း၊ ဆွမ်းစားကြွလာတဲ့ ဘုန်းကြီး အိမ်ပေါ်တက်လာတာနဲ့ လုံချည်သန့်သန့် တထည်နဲ့ ခြေသုတ်ပေးရ၊ ဘုန်းကြီးစားမယ့် ဆွမ်းထမင်း ဟင်း ဆိုတာကလည်း ကောင်းပေ့ဆိုတာချည်း ဆီဦးထောပတ်။ ဆွမ်းစားရတာ သက်သောင့်သက်သာ ရှိရအောင် ယပ်ခတ်ပေးသူက အဆင်သင့်။

ခြိုးခြံချွေတာခြင်းတွေ၊ ကိလေသာကင်းစင်ရေးတွေနဲ့ တရားဘာဝနာ စီးဖြန်းနေရမယ့် ဘုန်းကြီးတွေကို အလှူကြီး အလှူငယ်တွေနဲ့ ဇိမ်ခံတတ်လာအောင်၊ လောဘကြီးတတ်လာအောင် လှူဒါန်းကြ။ ဒါ့ထက် ပိုလောဘကြီးလာတဲ့ ဘုန်းကြီးတွေကျတော့ မင်း ကိုးကွယ်ရင် ပြီးရော၊ ဘယ်ပြည်သူကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးတွေနဲ့ အတင့်ရဲလာခဲ့တယ်။

သိန်းစိန် လက်ထက်မှာ လက်ခမောင်းခတ်လာတဲ့ ဘုန်းကြီးတွေဟာ အဲဒီအခြေခံကနေ ဖြစ်တည်လာတာချည်းပါပဲ။ သီတဂူတို့လို ရည်မှန်းချက်ကြီးတဲ့ ဘုန်းကြီးကြီးတွေကျတော့ နိုင်ငံရေးထဲ ဝင်ရောက်စွက်ဖက် ဩဇာပေးနိုင်တဲ့ အာဏာအထိ လိုချင်လာတာကြောင့် မဘသ ကနေတဆင့် အာဏာချဲ့ထွင်ဖို့ ကြိုးစားခဲ့တယ်လို့ နားလည်မိတယ်။

ကြံ့ဖွံ့လွှတ်တော်က အတည်ပြုပြီးနောက် ၂၀၁၅ ဩဂုတ်လမှာ သိန်းစိန်အတည်ပြု လက်မှတ်ထိုးပေးလိုက်တဲ့ အမျိုးစောင့်ဥပဒေဆိုတာ နိုင်ငံရေးထဲကို မဘသဘုန်းကြီးတွေ ဝင်ရောက်ခြယ်လှယ်ခွင့် စတင်ရရှိခြင်းဖြစ်တယ်။ ပြောရရင် အာဏာရှင်စစ်အုပ်စုက အဲဒီလို အာဏာရူးဘုန်းကြီးတွေကို အမျိုးစောင့်ဥပဒေနဲ့ မျှားပြီး ကြံ့ဖွံ့အာဏာရရှိရေးအတွက် မဘသ အားကို ရယူခဲ့ခြင်း ဖြစ်တယ်။

အဲဒီမှာ မဘသဘုန်းကြီးတွေက အာဏာရှင်စစ်အုပ်စုသာ သူတို့အမြော်အမြင်ကို ထောက်ကူပေးနိုင်မယ်လို့ မြင်လာကြတယ်။ ဒါ့ကြောင့် ထမင်းရှင်ပြည်သူတွေက ဘယ်လို မြင်မြင်၊ အာဏာရှင်တွေနဲ့ ပလဲနံသင့်ရင် ပြီးရောဆိုပြီး ပြည်သူကို ပြတ်ပြတ်သားသား ကျောခိုင်းခဲ့ကြကာ အာဏာရှင် ခိုင်းသမျှ အကြမ်းဖက်လုပ်ငန်းတွေကိုပါ သင်္ကန်းဝတ်တွေနဲ့ တက်ကြွခဲ့ကြတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ အာဏာရှင်တွေရဲ့ ထပ်တူပျော်မြူးခဲ့ကြတာ မဘသဘုန်းကြီးတွေပါပဲ။ သီတဂူဘုန်းကြီးဆို သွေးညှီနံ့နံနေတဲ့ မင်းအောင်လှိုင် လက်ကိုတွဲလို့ မင်းဆရာအဖြစ် အောင်ပွဲခံခဲ့တယ်။ ပြီးတော့ မင်းအောင်လှိုင်ဆိုတာ သဒ္ဓါ၊ ပညာ အားကောင်းတဲ့ မင်းလို့ ချီးမွမ်းလိုက်ပြန်တော့ ပြည်သူတွေ စိတ်အနာကြီး နာကြရတယ်။

မင်းအောင်လှိုင် ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက် သတ်ဖြတ်နေတာ မြန်မာပြည်သူတွေတင်မက နိုင်ငံတကာကပါ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ သိရှိနေတာဆိုတော့ ဒီဘုန်းကြီးလည်း မသိစရာ အကြောင်းမရှိပါဘူး။ ဒါဆို ဘာကြောင့် သီတဂူဘုန်းကြီးရဲ့ အမြင်မှာ မင်းအောင်လှိုင်ဟာ သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်း ဖြစ်ခဲ့ရတာပါလဲ။

မင်းအောင်လှိုင်က ပြည်သူတွေကို သတ်ဖြတ်တာ တရားနည်းလမ်းကျတယ်လို့ ယူဆလို့လား။ ပုရွတ်ဆိတ်တစ်ကောင်ရဲ့ အသက်ကအစ သူ့အသက် သတ်ခြင်းအပေါ် ငြင်းဆိုတဲ့ ဗုဒ္ဓဝါဒရဲ့ ပြဋ္ဌာန်းချက်ဟာ မင်းအောင်လှိုင်ကျမှ ခြွင်းချက်ဖြစ်သွားတာလား။ လူသတ်သမားကို သဒ္ဓါ၊ ပညာ အားကောင်းတဲ့ မင်းလို့ ချီးမွမ်းလိုက်တာဟာ တရားဓမ္မနဲ့ အညီလား။ ဉာဏ်ပညာကြီးမားလှပါတယ် ဆိုတဲ့ သီတဂူဘုန်းကြီးဟာ အမှန်နဲ့ အမှား၊ ဓမ္မနဲ့ အဓမ္မကို သာမန်ပြည်သူတွေလောက်တောင် ခွဲခြားသိမြင်နိုင်တဲ့ ဆင်ခြင်တုံတရား မရှိဘူးလား။

သီတဂူဘုန်းကြီး နေထိုင်တဲ့ စစ်ကိုင်းတိုင်းဆိုရင် တတိုင်းလုံးအနှံ့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး သတ်ဖြတ်နေရုံတင်မက ရွာတွေထဲဝင် လုယက်ပြီး မီးလောင်တိုက်သွင်းနေတာ Data for Myanmar ရဲ့ ဧပြီ ၃၀ ရက်နေ့အထိ စာရင်းအရ ၇၅၀၃ လုံး မီးလောင်ကျွမ်းခဲ့ပြီးပါပြီ။ အခု မေလထဲမှာဆိုရင်လည်း နေ့စဉ်ရက်ဆက် သတ်ဖြတ်မီးရှို့နေတာ စစ်ကိုင်းတိုင်းက ထိပ်ဆုံးကပါပဲ။

အဲဒီစစ်ကိုင်းတိုင်းထဲမှာပဲ မဘသဘုန်းကြီးတချို့ လူသတ်လက်နက်လွယ်ကာ လူသတ် စစ်တပ်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြခဲ့တဲ့ သတင်းဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ကျော်ကြားခဲ့ပေမဲ့ သီတဂူဘုန်းကြီးလို သက်ကြီးဝါကြီးတွေ တစ်ခွန်းမှ ထုတ်ဖော်ဟန့်တားခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။

မေလ ၁၃ ရက် ညနေ ၄ နာရီခွဲလောက်မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်၊ ပုလဲ-ဂန့်ဂေါ ကားလမ်း မဘေးက မြသိန်းတန်ဘုန်းကြီးကျောင်းပေါ် အကြမ်းဖက်စစ်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျောင်းထိုင်ဆရာတော်၊ ဦးပဉ္စင်းတစ်ပါးနဲ့ ကိုရင်နှစ်ပါးတို့ ပျံလွန်ခဲ့ပါတယ်။ 

မေလ ၁၄ ရက် ကဆုန်လပြည့်နေ့မှာ စစ်တပ်လက်ချက်နဲ့ ပျံလွန်ခဲ့သူ ၄ ပါးကို မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ အဲဒီအချိန်၊  မန္တလေးမြို့ လေးပြင် လေးရပ်ရှိ သံဃာတော် ၁၀၂၆၄ ပါးကို မန္တလေးတိုင်း စစ်အုပ်စုက ကြီးမှူးပြီး ဆွမ်း၊ ဆွမ်းဟင်း လှူဖွယ်များ ဆက်ကပ်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပနေလေတော့ ဒီဘုန်းကြီးတွေ ဘယ်လို စိတ်နေစိတ်ထားနဲ့ မျက်လွှာချရဲသလဲဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။

မန္တလေးမြို့ပေါ်က စစ်အုပ်စုကို ဆန့်ကျင်တဲ့ ဘုန်းကြီးတွေကို ရိုက်နှက်ဖမ်းဆီး ထောင်သွင်း အကျဉ်းချ၊ မန္တလေးမြို့က ပြည်သူတွေကို ပစ်သတ်နေရုံတင်မက အလောင်းကိုပါ လမ်းဘေး လာပစ်သွားတာမျိုးကို အဲဒီသံဃာ ၁၀၂၆၄ ပါးစလုံး မမြင်ဖူးတောင် သိကြမှာပါပဲ။

ဘုရားရဲ့သားတော်ဆိုတာ သာမန်ပြည်သူတွေထက် တရားဓမ္မနဲ့ ပိုနီးပြီး တရားဓမ္မကို နှလုံးသွင်း ကျင့်ကြံနေကြသူတွေပါ။ ဒါပေမဲ့ မှန်တဲ့ဘက် ပြတ်ပြတ်ထင်ထင် မရပ်တည်ရဲရုံတင်မက လူသတ်ဝါဒီတွေက ရည်ရွယ်ချက်ရှိရှိ လောင်းတဲ့ဆွမ်းကို မငြင်းရဲခဲ့တာ ပြည်သူ ဘာဖြစ်ဖြစ် ပြည်သူ ဘယ်လောက်မှန်မှန် ဘုန်းကြီးဆိုတာ အနေသာကြီးပါ ဆိုတဲ့သဘောမျိုးလားလို့ မေးခွန်းထုတ်ရပါတော့မယ်။

ဓမ္မကို ဆောက်တည်နေကြတဲ့ ဘုန်းကြီးတွေဟာ အမှန်တကယ်ရော ဓမ္မကို သိရှိကျင့်ကြံနိုင်ပါသလား။ စာရှုသူတို့ရော ဘယ်လို နားလည်မိပါသလဲ။

ထွန်းလင်း 

( သူ့အတွေး သူ့အမြင် - Op-Ed)

//
More News
Up