Home
မြန်မာသတင်း
SNLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပမည်
DVB
·
May 25, 2022

အင်အားကြီးနိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးကို  မေ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ၂ ရက်တာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရ ၃ နှစ် ၁ ကြိမ်ညီလာခံပြုလုပ်ရတာဖြစ်ပြီး အလုပ်အမှုဆောင်‌ ကော်မတီတွေ ပြန်ပြီးရွေးကောက်တင်မြှောက်တာ၊ ပါတီမူဝါဒအပြောင်းအလဲရှိပါက ပြန်လည် သုံးသပ်အတည်ပြုခြင်းတွေရှိမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။  

“အဓိကကတော့ ပါတီဖွဲ့စည်းပုံစည်းမျဉ်းပေါ့ ပါတီချာတာအရလုပ်တာဖြစ်ပါတယ်၊ အဲဒီမှာ ၃ နှစ် ၁ ကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံလုပ်ရမယ်ဆိုတာပါတယ်၊ ညီလာခံလုပ်ပြီဆိုရင် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွေကို ပြန်ပြီးရွေးကောက်တင်မြှောက်ရမယ်ဆိုတာက လုပ်ငန်းတစ်ခုပေါ့။ ပြီးရင်ပါတီကရေးဆွဲထားတဲ့ မူဝါဒတွေ အသစ်ရှိတယ်ဆိုရင်ပြန်ပြီးတော့ ဆွေးနွေးအတည်ပြုတာတွေရှိမယ်။ ပါတီရဲ့လုပ်ငန်းလမ်းညွှန်တွေ၊ လုပ်ထုံးလုပ်နည်းတွေရှိတယ်ဆိုရင်လည်း ဆွေးနွေးအတည်ပြုဖို့၊ ခါတိုင်းလိုပဲ ဗဟိုအလုပ်အမှုဆောင်တွေကနေ political report နိုင်ငံရေးအစီရင်ခံစာ တင်ပြဖို့ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေ တင်ပြဖို့ရှိပါတယ်။”

SNLD ပါတီကို လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အစစ်ခံဖို့ အကြောင်းကြားထားတာနဲ့ ပတ်သက်ပြီး  ပါတီကတော့ ပါတီစည်းကမ်းအရ  သွားတော့အစစ်မခံနိုင်ပဲ  ရုံးမှာလာရောက်စစ်ဆေးနိုင်ကြောင်း ပြောထားတာရှိပါတယ်။

စကစ ရွေးကောက်ပွဲကော်မရှင်ကလည်း သတ်မှတ်ထားတဲ့ရက်အတွင်း လာပြီးအစစ်မခံရင် ပါတီဖျက်သိမ်းမယ်ဆိုပြီး သတိပေးထားခဲ့ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က သူတို့ကို ဇွန်လ ၃၀ ရက်အထိ အချိန်ထပ်ပေးထားကြောင်း၊ ဒါကြောင့် အဲဒီကိစ္စ လောလောဆယ် ဘာမှ မဆုံးဖြတ်သေးဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး SNLD အနေနဲ့ကတော့ ဒီ ၂၀၂၂ နှစ်ကုန်တဲ့အထိ ရွေးကောက်ပွဲအကြောင်းကို မစဉ်းစားဘူးလို့ ဆိုပါတယ်။

SNLD ပါတီဟာ တရားဝင်ရပ်တည်ပြီး တောက်လျှောက်လုပ်နေကြောင်း၊ ပါတီရဲ့ လုပ်ပိုင် နိုင်ခွင့်ရှိတဲ့အရာအားလုံးတွေကိုတော့ ဆက်လုပ်သွားမယ်လို့ စိုင်းကျော်ညွန့်က ပြောသွားပါတယ်။ 

SNLD ပါတီဟာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဖိတ်ခေါ်တဲ့ နိုင်ငံရေးပါတီများဆွေးနွေးပွဲတွေကိုလည်း တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024