ထောင်ဒဏ် ၂၃ နှစ်ကျခံနေရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက နောက်ထပ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲမလျော်သြဇာသုံးမှုအတွက် လာမယ့် ဇွန်လဆန်းပိုင်းမှာ အပြီးသတ် အမိန့်ချမှတ်ဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) အတွက် မေ ၂၄ ရက်နေ့က မော်လမြိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။
ဒါပေမဲ့ အခုရုံးချိန်းမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က တင်သွင်းထားတဲ့ တရားခံပြ သက်သေ မလာတဲ့အတွက်ကြောင့် စစ်ကောင်စီ တရားသူကြီးက တရားခံပြသက်သေကို ပယ်ချပြီး လာမယ့် ရုံးချိန်းကို မေ ၃၁ ရက်နေ့ကို ရွှေ့ပြောင်းလိုက်တာပါ။
တရားရုံးနဲ့နီးစပ်သူတွေ အဆိုအရ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုမှာ တရားလိုနဲ့ တရားခံပြသက်သေ အားလုံးနီးပါးကို စစ်ဆေးထားပြီးဖြစ်လို့ ဇွန်လဆန်းပိုင်းမှာ အပြီးသတ်အမိန့်ချမှတ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၉ မှုအတွက် ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာ ထောင်ဒဏ် ၂၁ အမိန့်ချမှတ်ခံထားရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုပြီး စစ်ကောင်စီက ထောင်ဒဏ် ၂ အမိန့်မှတ်ထားတာပါ။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အခုအခါမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ၁၇၁ (စ)နဲ့ အမှု ၃ မှုနဲ့ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။