ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်စခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်း မေလ ၂၃ ရက်မနက်က ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကား ၂ စီး ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့တဲ့ ခရီးသွားတွေဆီက သိရပါတယ်။
ပူတာအိုမြို့နယ် တန်ဂျာကျေးရွာနဲ့ နှစ်မိုင်လောက် အကွာမှာရှိတဲ့ အင်တောင်ဘွမ်တောင်နဲ့ အင်ခေါခချောင်းအကြားမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီး ကားတစ်စီး လက်နက်ကြီးထိမှန်ကာ ချောက်ထဲကျသွားခဲ့တယ်လို့ တွေ့မြင်လိုက်တဲ့ ခရီးသွားတယောက်က ပြောပါတယ်။
“စစ်ကားတစ်စီးက ချောက်ထဲကျသွားပြီး ဆီတင်ကားတစ်စီးလည်းထိပြီး ဆီတွေဖိတ်ပြီး မောင်း ပြေးသွားတယ်။”
တိုက်ပွဲကြောင့် ပူတာအိုမြို့ကနေ မြစ်ကြီးနားမြို့ကို သွားမယ့် ကားတွေကို စစ်ကောင်စီဘက်က ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပြန်လှည့်ခိုင်းတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားရာ လမ်းကြောင်းပေါ်မှာ ရှိတဲ့ ခရီးသည်တင်လိုင်းကားနဲ့ ကုန်တင်ကားတွေလည်း ပိတ်မိနေပြီး ရှေ့ဆက်သွားမရ နောက်ပြန်ဆုတ်မရဖြစ်နေတယ်လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
ကေအိုင်အေ အမှတ်(၉) တပ်မဟာ - အမှတ်(၆) တပ်ရင်းနဲ့ အမှတ်(၂၆) တပ်ရင်းနယ်မြေကို မေ ၂၀ ရက် မွန်းလွဲပိုင်းက တကြိမ် ၊ မေ ၂၃ ရက် မနက်ပိုင်းက တကြိမ် စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ် တွေဆီကသိရပါတယ်။