ရေနစ်သေဆုံးခဲ့သည့် ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းက ကျောက်ဖရားမြစ်ထဲ ပြုတ်ကျ သေဆုံးသွားခဲ့တဲ့ ထိုင်းသရုပ်ဆောင်မင်းသမီးရဲ့အလောင်းကို မေ ၂၄ ရက် ဒီနေ့ညနေပိုင်းမှာ အခမ်းအနားနဲ့ မီးသင်္ဂြိုဟ်လိုက်ပါတယ်။

ဈာပနအခမ်းအနားကို ပထုန်ဌာနီမြို့နယ်၊ ခလောင်းဆီနယ်မြေ မက်ဿဒစ်ခရစ်ယာန်ဘုရားရှိခိုး ကျောင်းမှာ ကျင်းပပြီး မိဘဆွေမျိုးနဲ့ အရင်းနှီးဆုံး ဆရာသမား မိတ်ဆွေသူငယ်ချင်း စုစုပေါင်း ၁၀၀ ကျော်လောက်သာ ဖိတ်ကြားခဲ့တာပါ။

သူ့ရဲ့ခေါင်းတလားကိုတော့ သူနှစ်သက်တဲ့  ပုစွန်ဆီရောင်၊ ပန်းရောင်နှင်းဆီပန်း အပွင့်ပေါင်း ၁၀၀၀နဲ့ အထူးဆင်ယင်ပြုလုပ်ထားပါတယ်။ သူရဲ့မျက်နှာကတော့ ပျက်စီးယိုယွင်းနေပြီ ဖြစ်တဲ့အတွက် ဇာပဝါနဲ့ လွှားထားပြီး ဘယ်သူမှ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။ 

အခမ်းအနားကျင်းပပုံကို ဘုရားရှိခိုးကျောင်း ယူကျု့ချနယ်လ်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြပြီး သတင်းထောက်တွေလည်း အပြင်ကနေသာ သတင်းယူခွင့်ရှိပါတယ်။ 

ချနယ်လ်အသီးသီးက သတင်းထောက်ပေါင်း ၁၀၀ ကျော်လာတာကြောင့် တိုင်မိုသေဆုံးမှုမှာ တရားစွဲခံထားရတဲ့ တလှေတည်းစီး အပေါင်းအဖော်တွေဟာ သတင်းထောက်တွေ မတွေ့အောင် အဝင်အထွက် ရှောင်ပုန်းထွက်ပြေးပြီး ပြန်ခဲ့ရပါတယ်။ 

သူသေဆုံးမှုမှာ ပထုန်ဌာနီခရိုင်ရဲတပ်ဖွဲ့က မတော်တဆသေဆုံးမှုနဲ့ အမှုပိတ်ပြီး လှေပေါ်က အပေါင်းပါ ၅ ဦးကို ပေါ့ဆမှုနဲ့အရေးယူဖို့ တရားရုံးကို အမှုတွဲပို့ထားပြီး ဖြစ်ပါတယ်။ 

ဒါပေမဲ့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ယုတ္တိမတန်တာတွေ၊ မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေတာမို့ တိုင်မိုကို ချစ်တဲ့ ပရိသတ်၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေက လက်မခံနိုင်ဘဲ သက်သေအထောက်အထားတွေ ရှာဖွေပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး ကြိုးစားနေပါတယ်။ 

အဲဒီထဲက ရာဇဝတ်မှုကြောင့် သားကောင်ဖြစ်ခဲ့ရသူတွေ အကူအညီပေးနေတဲ့အဖွဲ့ ဥက္ကဋ္ဌ နိုင်းအာ ချရိယ ရုန်းရတ်တနဖုန်းကလည်း တိုင်မိုသေဆုံးမှုဟာ မတော်တဆ မဟုတ်၊ တမင်သက်သက် သတ်ဖြတ် အလောင်းဖျောက်ခံရတာလို့ အခိုင်အမာပြောဆိုနေပါတယ်။

တိုင်မိုရဲ့ ညာဘက်ပေါင်ပေါ်က ဒဏ်ရာဟာ ရဲတွေပြောသလို ပန်ကာဒလက်နဲ့ ထိမိတာမဟုတ်ဘဲ ဓားနဲ့ တမင်သက်သက် အခြစ်ခံရတာဖြစ်ပြီး ခြစ်နေစဉ် နောက်တယောက်က ပေါင်ကိုကိုင်ထားတဲ့ သက်သေ၊ လှေပေါ်က လူတွေ ဘယ်ချိန်မှာ ဘာလုပ်ခဲ့လဲဆိုတဲ့ သက်သေတွေ သူ့ဆီမှာရှိကြောင်း၊ လှေပေါ်က တယောက် အမြင်မှန်ရပြီး သူ့ထံ ဆက်သွယ်ဝန်ခံကာ သက်သေတွေပါ ပို့ထားကြောင်း၊ ဒါပေမဲ့ ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေးဌာနက ဒီအမှုကို ဆက်လက်ကိုင်တွယ်စစ်ဆေးဖို့ လက်မခံတာကြောင့် သက်သေတွေ ထုတ်မပေးနိုင်သေးဘူးလို့ ပြောပါတယ်။ 

သူဟာ အမှုကို အမှန်တရားဖြစ်အောင် ကူညီပေးဖို့ ထိုင်းအမျိုးသားအထက်လွှတ်တော် အဖွဲ့ထံလည်း စာပို့ထားပါတယ်။ ဒီကနေ့မှာလည်း ကျောက်ဖရားမြစ်ထဲသွားပြီး စပိဘုတ်လှေရဲ့ အနေအထား၊ အနီးနားက စီစီတီဗွီကင်မရာတွေ ထပ်စစ်ခဲ့ပါတယ်၊ 

အစပိုင်းမှာ သင်္ဘောကျင်းပိုင်ရှင်တဦးက သူတို့ဆီက စီစီကင်မရာပျက်နေတယ်လို့ ပြောပေမယ့် ဒီနေ့သွားစစ်တာ စီစီကင်မရာ တကယ်မပျက်ဘဲ သင်္ဘောကျင်းပိုင်ရှင်အစစ်နဲ့လည်း တွေ့ခဲ့ကြောင်း၊ တိုင်မိုတို့စီးတဲ့ စပိဘုတ်ကိုလည်း ရေဆေးထားတာ တွေ့ရကြောင်း သံသယဖြစ်စရာ ထပ်တွေ့တယ်လို့ ပြောပါတယ်၊ ဆက်လက်ပြီး ဒရုန်းရဲ့အကူအညီနဲ့ ကျောက်ဖရားမြစ်ထဲက ဓားမြှောင်တစ်ချောင်း ရှာဦးမယ်လို့ ပြောပါတယ်။ 

ဒီအမှုကို ဆက်မလိုက်ဘဲ ရဲတွေ ပြောတဲ့အတိုင်း လက်ခံလိုက်ရင် နောက်နောင်မှာလည်း ငွေကြေးတတ်နိုင်ရင် လုပ်ချင်ရာလုပ်လို့ ရတယ်။ အမှန်တရားကို ငွေနဲ့ဖုံးလို့ရတယ်ဆိုတဲ့ ထုံးစံဖြစ်သွားမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ အာဏာရှိသူ၊ ငွေကြေးချမ်းသာသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာကြောင့် တကယ်လို့ တခုခုဖြစ်သွားရင်  တိုင်မိုအမှုကလွဲလို့ တခြား ဘာအကြောင်းအရာမှမရှိ၊ သူ သေဆုံးပါက သူ့မိန်းမနဲ့ ကလေးတွေကို စောင့်ရှောက်ပေးဖို့ လိုက်ဖ်လွှင့်ပြောဆိုထားပါတယ်။ 

တဘက်ကလည်း မင်းသမီးတိုင်မိုရဲ့ လူမှုကွန်ရက်ကို တစုံတယောက်က တိုင်မိုကဲ့သို့ အသုံးပြုနေပြီး သူဟာ အချစ်ဆုံးသူငယ်ချင်းနဲ့ ယုံကြည်ရသူရဲ့ လုပ်ကြံမှုကိုခံရကြောင်း၊ လှေပေါ်ပါအဖော်တွေ အမှန်အတိုင်းဝန်ခံကြဖို့ မဝန်ခံရင် ဒီအကောင့်ကနေ ဖြစ်ရပ်မှန်တွေ ဆက်တိုက်ဖော်ပြသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

သူပြောတဲ့အတိုင်း ဘယ်သူမှမမြင်ဖူးသေးတဲ့ သူတို့လှေပေါ်အတူရှိစဉ်ရိုက်ထားတဲ့ပုံတွေ ဆက်တိုက် တင်လာပါတယ်။ ဓာတ်ပုံတွေကတော့ တိုင်မိုရဲ့ ကိုယ်ပိုင်ဖုံးထဲကပုံတွေလို့ သူ့မိခင်ကပြောပါတယ်။ 

တယ်လီဖုန်းမှာ အစပိုင်းက မိခင်က သိမ်းထားတယ်ပြောပြီး သတင်းထောက်က နောက်တကြိမ် ထပ်မေးတော့ သူ့ရှေ့နေကို ပေးလိုက်ပြီလို့ ပြောပါတယ်၊ ရှေ့နေကလည်း သူ့ဆီမှာ မရှိဘူးလို့ ပြောပြန်ပါတယ်၊ ရဲတပ်ဖွဲ့ကတော့ တိုင်မိုရဲ့ ဖေ့စ်ဘွတ်ခ် အဟက်ခံရတာဖြစ်ပြီး တရားခံဟက်ကာကို  တပတ်အတွင်း ဖော်ထုတ်မယ်လို့ ပြောထားပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ပထုန်ဌာနီမြို့နယ် ကျောက်ဖရားမြစ်ထဲမှာ အပေါင်းဖော် ၅ ဦးနဲ့အတူ လှေစီးရင်း ရေနစ် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

//
More News
Up