Home
မြန်မာသတင်း
မြင်းခြံမြို့နယ်၌ စစ်ကောင်စီတပ်များ ၅ ရက်ဆက် တိုက်ခိုက်ခံရ
DVB
·
May 24, 2022

မြင်းခြံမြိုနယ်မှာ မေ ၁၉ ရက်မှ ၂၃ ရက်အထိ ၅ ရက်အတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေကို ၅ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး မြို့နယ်ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မေ ၁၉ ရက် နေ့လယ် ၂ နာရီလောက်မှာ မြင်းခြံမြို့အရှေ့ပိုင်းက အ.ထ.က ၂ ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦး ထိခိုက်သေဆုံးပြီး ၃၊ ၄ ယောက်လောက် ထိခိုက်ဒဏ်ရာရနိုင်တယ်လို့  နွားထိုးကြီးမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာရှိ အထက်တန်းကျောင်းအတွင်း တပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကိုလည်း မေ ၂၁ ရက်နေ့ နေခင်း ၁ နာရီလောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြီး ၁ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

NPDF အဖွဲ့ရဲ့ တာဝန်ရှိသူက "မြင်းခြံတုန်းက အရဲတော့ ကိုးရတာပေါ့။ ဘန်ကာမှာ စက်သေနတ်တွေ ဘာတွေချထားတာတော့ ရှိတယ်။ အဲဒါကို အလစ်အငိုက်ဝင်ပစ်တာ။ မြို့လည်းမြို့ပေါ်ဆိုတော့ သူတို့ကလည်း သိပ်သတိမထားတာလည်းပါတယ်။ ကျောင်းထဲက သစ်ပင်အောက်မှာ တယောက်က ကုလားထိုင် ပေါ် ထိုင်နေတာ။ ကျန်တဲ့သူတွေက ခုံတန်းပေါ်မှာ ထိုင်နေကြတာ။ ကုလားထိုင်ပေါ်က တယောက်ရယ် ခုံပေါ်မှာ ထမင်းစားနေတာလားမသိဘူး အဲဒီတယောက်ရယ် ရလိုက်တယ်။ မြင်းခြံတုန်းကတော့ လမ်းသွားတဲ့သူတွေက ဆိုင်ကယ်တွေ ကားတွေက လမ်းဘေးထိုးရပ်ပေးကြတယ်ဗျ။ ကွမ်းစိုက်မှာတုန်းက နှစ်ယောက်ယှဥ်ထိုင်နေတာကို ပထမတခါဆွဲတော့ တယောက်က ခွေကျသွားတယ်ဗျာ။ နောက်ထပ်ဆွဲမယ်လုပ်တော့ ဖောကားတစ်စီးက ဝင်လာတာနဲ့ စောင့်ပြီးထပ်ပစ်တာ။ အဲဒါ စလိုးဒေါင်းကျော်တာရော ရှေ့မှာ လိုက်ထရက်တစီးနဲ့ ထော်လာဂျီတစီးက ယှဥ်လျက်ကြီးမောင်းလာတော့ ကောင်းကောင်း မပစ်လိုက်ရဘူး။ ပြည်သူတွေကို စခတွေနဲ့ ဝေးဝေးနေဖို့ သတိပေးချင်ပါတယ်" လို့ ပြောပါတယ်။

နွားထိုးကြီး-မြင်းခြံလမ်းပေါ်က ကန်နှောင်းရွာ အနီးမှာလည်း မေ ၂၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်လောက်က စစ်ကောင်စီအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ကားတစီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပေမယ့် သေဆုံးထိခိုက်မှုကိုတော့ အတိအကျမသိရဘူးလို့ နွားထိုးကြီး မြို့နယ်ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“ကားက ရဲကားပါ။ နယ်ထိန်းတွေပါတာများတယ်။ ဒီကောင်တွေက နွားထိုးကြီးက လောင်းကစားဝိုင်းတို့ ဘီယာဆိုင်တို့ပေါ့နော် ဆက်ကြေးကောက်ပြီးတော့ ညနေဆိုရင် မြင်းခြံဖက်က KTV တို့ ဘာတို့ သွားတာကိုး။ အဲလိုသွားတဲ့အသွားမှာ ၅ နာရီခွဲမှာ ကျနော်တို့က မိုင်းဆွဲလိုက်တာ” လို့ နွားထိုးကြီးမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နွားထိုးကြီးမြို့ပေါ်မှာတော့ အဲဒီဖြစ်စဥ်အပြီးမှာ နယ်ထိန်း ၃ ယောက်ပျောက်နေပြီး နေပြည်တော် ကို သင်တန်းသွားတယ်လို့ သတင်းလွှင့်ထားကြောင်းလည်း ဒေသခံတဦးက ပြောပါတယ်။

မေ ၂၃ ရက်မှာတော့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၅ နဲ့ ၃၁၆ ကြားမှာ စစ်ကောင်စီအဖွဲ့ရဲ့ စစ်ကားကြီးတစီးကို မနက် ၈ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သလို နွားထိုးကြီးမြို့အရှေ့ဘက် ဝက်လူးကျေးရွာအနီးမှာလည်း မနက် ၈ နာရီခွဲလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

"အမြန်လမ်းကတော့ စစ်ကားအကြီးနဲ့ ၂၅ ကောင် လောက်တော့ပါမယ်။ မိုင်း ၄ လုံး ဆွဲတာ။ သေဆုံးထိခိုက်တော့ တော်တော်များလိမ့်မယ်။ မိုင်းဆွဲခံရတဲ့ကားတောင် မနက် ၁၁ လောက်အထိ အဲဒီနားမှာပဲ ရှိနေသေးတယ်။ လူနာတင်ကားတွေဘာတွေလည်း ရှုပ်နေတယ်လို့တော့ သိရတယ်။ ဝက်လူးကတော့ ဒီတိုင်းပဲထွက်လာတဲ့ ကားကိုမိုင်းဆွဲမယ်ပေါ့နော်။ ကြိုတင်ပြီးတော့ မိုင်းဆင်နေတာကို ဒလန်တယောက်ယောက်က မြင်သွားပုံရပါတယ်။ ဒီကောင်တွေက မိုင်းကွင်းကိုလာပြီးတော့ လူလည်းဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးတက်လာတာ မိုင်းရှင်းတက်လာတာက ၆ ယောက်လောက်ပေါ့နော်။ နောက်က ပန်းပြီးတက်လာတာရောဆိုရင် ၂၀ လောက်တော့ ရှိလိမ့်မယ်။ အဲဒါကို ကျနော်တို့က မိုင်းကွင်းထဲအရောက်မှာ လက်ဦးမှုယူ မိုင်းဆွဲဲပြီး ရှောင်ထွက်လာတာ။”  

မျက်မြင်တွေ့ရှိသူတွေရဲ့ပြောကြားချက်အရ မိုင်းဆွဲတိုက်ခိုက်မှု ၂ ခုမှာ အနည်းဆုံး စစ်ကောင်စီအဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ နွားထိုးကြီးမြို့နယ် ဒေသကာကွယ်ရေး အဖွဲ့က အတည်ပြုပြောဆိုပါတယ်။

၅ ရက်တာ တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024