Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွပ်စွဲဆိုထားသည့် အဂတိအမှု ၄ မှု ကို စွဲချက်တင် အမိန့်ချ
DVB
·
May 24, 2022

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှု အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ကောင်စီက စွပ်စွဲ တရားစွဲထားတဲ့ အဂတိအမှု ၄ မှုကို စွဲချက်တင်ကြောင်း တရားရုံးက မေလ ၂၄ ရက် ဒီနေ့ရုံးချိန်းမှာ အမိန့်ချလိုက်ပါတယ်။ 

နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ အဂတိအမှုနံပါတ် ၃ နဲ့ ၄ အတွက် တရားလိုဦးရဲထက်ကို ရှေ့နေအဖွဲ့က အပြန်အလှန်စစ်မေးခဲ့တယ်လို့လည်း တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။  

“စွဲချက်တင်တယ်ဗျ။ အမှုနံပတ် ၃၊ ၄၊ ၅၊ ၂၅ ရယ်။ ၄ မှုပေါ့။ ၅၊ ၂၅ က ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း။ ၃ နဲ့ ၄ မှာတော့ ဦးရဲမင်းဦးတို့ ဦးမျိုးအောင် တို့ပါတယ်။ အတိုင်ပင်ခံ ကျန်းမာရေးကောင်းတယ်။ နောက်တစ်ချိန်းမှာ ပြန်ခေါ်သက်သေတွေ စစ်မယ်။ မေ ၃၁ ရက်နေ့ ပေါ့။ ဦးမောင်ဝိတ် လှူတဲ့အမှုကတော့ တရားလို ဦးရဲထက်ကို အပြန်အလှန်မေးပြီး စစ်တာပေါ့။ ၃ နဲ့ ၄ နှစ်မှုစလုံး စစ်တယ်။” 

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ပြည်သူလူထုကို ကူညီပေးနေတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေကြေးလှူဒါန်းခဲ့တာကြောင့် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  အဂတိအမှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး မေလ ၂ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဒီအမှု စတင်ကြားနာခဲ့ပါတယ်။ 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ အဂတိအမှုတွေမှာလည်း စစ်ကောင်စီက ဦးမောင်ဝိတ်ကို တရားလိုပြသက်သေအဖြစ် တင်သွင်းထားပါတယ်။

ဦးမောင်ဝိတ်ကတော့ အန်အယ်လ်ဒီနဲ့ပတ်သက်တဲ့ အမှုတွေအားလုံးမှာ သူ့ဘက်က လှူဒါန်းတာတွေသာ ဖြစ်တယ်လို့  တရားရုံးမှာ ထွက်ဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024