RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့ ဆွေးနွေးပွဲပြီးဆုံး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ နေပြည်တော်တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ရှမ်းပြည်နယ်ကို ပြန်လည်ထွက်ခွာသွားပါတယ်။

မေလ ၂၂ ရက်က တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်တွေကိစ္စ၊ အစိတ်အပိုင်း (၃)မှ ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိတဲ့ ဇယား-၂ ပါ ဆွေးနွေးဖို့အချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင် ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြပြီး RCSS အဖွဲ့က သိရှိလိုတာတွေကို မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက်တွေအရ သဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြတယ် ဆိုပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တွေ့ဆုံဆွေးနွေးပွဲသို့  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ RCSS အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီး စိုင်းငင်းနဲ့ စစ်ကောင်စီဘက်က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနောင်နဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်မှူးကြီး ဆောင်းဟန်တို့ တက်ရောက်ကြပါတယ်။

RCSS (SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ဟာ နေပြည်တော်မှာ မေလ ၂၀ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မေလ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ စစ်ကောင်စီလက်အောက်ခံ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားတာဖြစ်ပြီး  ဗိုလ်ချုပ်ကြီး ယွက်စစ်ခေါင်းဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့က ပထမဆုံးလာရောက်တာ ဖြစ်ပါတယ်။

//
More News
Up