မြန်မာစစ်တပ်ကို လက်နက်မရောင်းရန်၊ မြန်မာပြည်သူများကိုကူညီရန် အမေရိကန်နှင့် ကိုရီးယား သမ္မတ ၂ ဦး တောင်းဆို

မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို လက်နက်တွေ ရောင်းချတာ တားမြစ်ဖို့နဲ့ နိုင်ငံသားတွေအတွက် ဘေးကင်းလုံခြုံတဲ့နားခိုရာတွေ ပေးအပ်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ရိုးတို့က နိုင်ငံတကာကို ဖိအားပေး တောင်းဆိုထားပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပြီးခဲ့တဲ့ မေ ၂၀ ကနေ ၂၂ ရက်ထိ တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအရေးကိစ္စ အဓိကထားဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံစီးပွားရေး၊ နည်းပညာနဲ့ နိုင်ငံတကာအရေးတွေအပါအဝင် လတ်တလော မြန်မာ့အရေးကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတနှစ်ဦးက မြန်မာနိုင်ငံအာဏာသိမ်းမှုနဲ့ အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေအပေါ် ပြတ်ပြတ်သားသား ရှုတ်ချခဲ့ကြပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ် ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တစ်နိုင်ငံလုံးကို အချုပ်အချယ် အကန့်အသတ်မရှိ ရောက်ရှိစေဖို့အပါအဝင် ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ရောက်နိုင်ဖို့ တွန်းအားပေးဖို့အတွက်လည်း သံန္နိဋ္ဌာန် ပြုခဲ့ကြတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်း နေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အရပ်သားပြည်သူတွေ တနေ့တခြား တိုးပွားလာနေသလို နိုင်ငံတဝန်း ခုခံတော်လှန်စစ်ပွဲ အရှိန်မြှင့်နေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ ၁ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၅၀ ကျော်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၃,၇၆၉ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

//
More News
Up