ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရရန် ငယ်စဉ်ကတည်းကအိပ်မက်ရှိခဲ့ကြောင်း ဆွန်ဟောင်မင်ပြော

ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရဖို့ ငယ်စဉ်ကတည်းက အိပ်မက်ရှိခဲ့တာလို့ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ပြောပါတယ်။ 

တောင်ကိုရီးယားတိုက်စစ်မှူးဟာ လိဂ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ နောဝှစ်ချ်နဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးသွင်းခဲ့ပြီး စုစုပေါင်း ၂၃ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ လီဗာပူး တိုက်စစ်မှူး မိုဆာလက်ကလည်း ၂၃ ဂိုး သွင်းခဲ့တာကြောင့် ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ၂ ဦးစလုံးက သီးခြားစီရယူနိုင်ခဲ့ပါတယ်။ 

ရွှေဖိနပ်ဆုရယူနိုင်ခဲ့တဲ့အပေါ် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ပေမယ့် ငယ်စဉ်ကတည်းက ရယူချင်ဖို့ အိပ်မက်မက်ခဲ့တာလို့ ဆွန်ဟောင်မင်ကပြောပါတယ်။ 

“ရွှေဖိနပ် ဆုရယူနိုင်ခဲ့တာက တကယ်ကို စိတ်ခံစားချက်တွေများပါတယ်။ ဒီဆုကို ငယ်စဉ်ကတည်းက ရယူနိုင်ဖို့ အိပ်မက်ရှိခဲ့တာဖြစ်ပြီး ခုတော့ ကျနော့်လက်ထဲ ရောက်လာပြီ။ မယုံကြည်နိုင်စရာပါပဲ။ ပထမပိုင်းကတည်းက ဂိုးသွင်းခွင့်တွေရဖို့အသင်းက ကူညီပေးခဲ့ပေမယ့် ကျနော် လွဲချော်ခဲ့တာတွေ ရှိတယ်။ ဒုတိယပိုင်းရောက်မှ ဂိုးတွေရခဲ့ပြီး အဲဒီမတိုင်ခင်မှာ စိတ်ပျက်မှုတွေ ရှိခဲ့တယ်” လို့ ဆွန်ဟောင်မင်က ပြောပါတယ်။ 

နည်းပြကွန်တီကလည်း ချန်ပီယံလိဂ်ဝင်ခွင့်သေချာဖို့ အရင်ဦးစားပေးဖြစ်ခဲ့ပေမယ့် ဆွန်ဟောင်မင် ရွှေဖိနပ်ဆုရဖို့ကိုလည်း ကူညီဖို့ပြင်ဆင်ခဲ့ကြောင်း ပြောသွားပါတယ်။

//
More News
Up