၅ နှစ်အတွင်း ချန်ပီယံ ၄ ကြိမ်ဖြစ်ခဲ့မှု ထူးခြားသည့်စွမ်းဆောင်နိုင်မှုဖြစ်ကြောင်း ဂွါဒီယိုလာပြော

မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ချန်ပီယံဆုဖလားကို ၄ ကြိမ်အထိ ရယူနိုင်ခဲ့တာက ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်နိုင်မှုဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။ 

မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးအပတ်ပွဲစဉ်မှာ အက်စတွန်ဗီလာကို ဦးဆောင်ဂိုး ၂ ဂိုးအရင်ပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက လီဗာပူးကို တမှတ်အသာနဲ့ ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာပါ။ 

အခုနှစ်မှာ ချန်ပီယံဖြစ်ခဲ့တာဟာ ၅ နှစ်အတွင်းမှာ ၄ကြိမ်မြောက်ဖြစ်ပြီး ထူးခြားတဲ့ စွမ်းဆောင်နိုင်မူဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောခဲ့တာပါ။ 

“ကျနော်တို့က ဂန္ထဝင်ကစားသမားတွေဆိုတာကို အမြဲတမ်းအမှတ်ရနေလိမ့်မယ်။ ဒီကစားသမားတွေဟာ ဂန္ထဝင်တွေဆိုတာ လူတွေ လက်ခံရပါမယ်။ ဒီကစားသမားတွေဟာ အသင်းအတွက် အဆုံးစွန်အထိ စွမ်းဆောင်နိုင်သူတွေ ဖြစ်တယ်။ ၅ နှစ်အတွင်းမှာ ၄ ကြိမ်ချန်ပီယံဖြစ်တယ်ဆိုတာ ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တာတွေထဲမှာ အကောင်းဆုံး အောင်မြင်မှုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုနိုင်ငံမှာ ဒါမျိုးစွမ်းဆောင် နိုင်ခဲ့တာက ကစားသမားတွေရဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကြောင့်ပါပဲ။” 

လီဗာပူးအသင်းလို ပြိုင်ဘက်ကောင်းကို အရင်က မတွေ့ခဲ့ဖူးကြောင်း၊ ပြိုင်ဘက်ကောင်းရှိလို့သာ တိုးတက်မှုတွေ ရှိလာစေတာလို့ ဂွါဒီယိုလာက ပြောသွားပါတယ်။

//
More News
Up