ချန်ပီယံဖြစ်ခဲ့သည့် ဂွါဒီယိုလာနှင့်မန်စီးတီးအသင်းသားများကို လီဗာပူးနည်းပြ ဂုဏ်ပြုစကားပြော

ချန်ပီယံဆုဖလားရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းနည်းပြနဲ့ အသင်းသားတွေအတွက် ဂုဏ်ယူ ကြောင်း ပြိုင်ဘက်လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ 

လီဗာပူးအသင်းဟာ မန်စီးတီးကို တမှတ်အကွာနဲ့ ချန်ပီယံဆုဖလားလက်လွှတ်ခဲ့ရတာဖြစ်ပေမယ့် မန်စီးတီးအသင်းသားတွေအတွက် ဂုဏ်ယူကြောင်း နည်းပြကလော့ပ်က ချီးကျူးခဲ့တာပါ။ 

“ကစားသမားတွေဟာ ထူးချွန်တဲ့ ဘောလုံးရာသီတခုကို စွမ်းဆောင်နိုင်ခဲ့ကြတယ်။ တရာသီလုံးကိုကြည့်မယ်ဆိုရင် ထူးခြားမှုတွေ ပြည့်နှက်နေတယ်။ ချန်ပီယံဖြစ်သွားတဲ့ မန်စီးတီးအသင်းနဲ့ နည်းပြဂွါဒီယိုလာ၊ သူ့ကစားသမားတွေကို ဂုဏ်ပြုပါတယ်။ ကျနော်တို့ နီးစပ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ မလုံလောက်ခဲ့ပါဘူး” လို့ နည်းပြ ကလော့ပ်က ဝုဗ်အသင်းနဲ့ ပွဲစဉ်အပြီးမှာ ပြောပါတယ်။ 

လီဗာပူးအသင်းအတွက် ဘောလုံးရာသီ မပြီးဆုံးသေးပေမယ့် အတွေ့အကြုံကြွယ်ဝတဲ့အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားသွားဖို့ ကျန်ရှိသေးကြောင်း၊ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို လက်လွှတ်ခဲ့ရတာက ချန်ပီယံလိဂ်ဆုဖလားကို ရယူချင်တဲ့ဆန္ဒ ပိုပြီးရှိစေကြောင်း နည်းပြ ယာဂန်ကလော့ပ်ကပြောပါတယ်။

//
More News
Up