ကလေးမြို့တွင် PDF ကို‌ ထောက်ပံ့သည်ဟု စွပ်စွဲပြီး ဒေသခံတဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်မှာ နေထိုင်တဲ့ ကိုမြင့်သူဝင်းအား စစ်ကောင်စီ တပ်က မေ ၂၁ ရက် မ‌နက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Min Min Facebook Account ပိုင်ရှင် ကိုမြင့်သူဝင်းကို လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်မှာ Group တွေ တည်ထောင်ပြီး အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ အကြောင်းအရာတွေ ရေးသားတာ၊‌ PDF တွေအတွက် အလှူငွေ ကောက်ခံတာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ အကြောင်းအရာတွေ  မဟုတ်မမှန် ရေးသားခြင်းများ ရှိကြောင်း  သတင်းပေးချက်အရ စစ်ဆေးတွေ့ရှိရတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒ ဖြန့်သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ရပ်ကွက်နေသူတဦးက “စစ်သားတွေ မနက်အစောပိုင်းမှာ ရုတ်တရက်လာဖမ်းသွားတာ ဒကစ(ဒေသကွက်ကဲရေးစစ်ဌာနချုပ်)ဝန်းထဲ ဖမ်းသွားတယ်လို့တော့ ကြားတယ် နောက်ဆက်တွဲအခြေအနေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

မေ ၁၆ ရက်ကလည်း ကလေးမြို့နယ်ရှိ ကျီကုန်းကျေးရွာစစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကလေးမြို့မှ မိသာစုးပုံနှိပ်တိုက်လုပ်ငန်းပိုင်ရှင်ကို မျိုးနိုင်လင်းဟာ ခရီးသွားရင်း ဖမ်းဆီးခံခဲ့ ရပါတယ်။

ဧပြီ ၂၈ ရက်ကလည်း ကလေးမြို့ စံလှပုံနှိပ်တိုက်က လုပ်ငန်းပိုင်ရှင်ကို တော်လှန်ရေးအတွက် ကူညီထောက်ပံ့နေပြီး ဆန္ဒပြသပိတ်အဖွဲ့တွေအတွက် နံရံကပ်စာစောင်များ ဆိုင်းပုဒ်တွေကို အခကြေး ငွေမယူဘဲ ပူးပေါင်းကူညီပေးနေတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရကာ ပုံနှိပ်လုပ်ငန်းသုံး ပစ္စည်းတွေလည်း သိမ်းဆည်းခံခဲ့ရပါသေးတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ရာနဲ့ချီရှိ‌နေပြီး လက်ရှိမှာလည်း စစ်ကောင်စီတပ်က ကလေးနယ်တောင်ပိုင်းကို သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေပြီး ‌ကျေးရွာတွေက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

//
More News
Up