အနောက်နိုင်ငံများ၏ညီညွတ်မှုကို ရုရှားအကြောက်ဆုံးဖြစ်ကြောင်း ယူကရိန်းသမ္မတ ပြော

အနောက်နိုင်ငံတွေရဲ့ ညီညွတ်မှုဟာ ရုရှ အကြောက်ဆုံး အရာလို့ ယူကရိန်းသမ္မတ ဇလန်စကီးက မေ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ပေါ်တူဂီ ဝန်ကြီးချုပ်နဲ့ မြို့တော် ကိယက်ဗ်မှာ တွေ့ဆုံပြီး ဥရောပသမဂ္ဂ စွမ်းအင်ကုန်သွယ်မှု တားမြစ်ပိတ်ပင်ချက်နဲ့ ယူကရိန်းကို နောက်ထပ် လက်နက်တွေ ပံ့ပိုးရေး ဆွေးနွေးပွဲမှာ ခုလို ပြောတာပါ။

“စစ်လက်နက်ကိရိယာတွေ ပိုရရေး ယူကရိန်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ စိတ်ချရေး ပေါ်တူဂီရဲ့  အာမခံချက်ကို ဆောင်ကြဉ်းလာတယ်။ ယူကရိန်းအတွက် ပိုများတဲ့ စစ်လက်နက် ပစ္စည်းတွေ တင်လာတဲ့ နောက်ထပ် လေယာဉ်တစီး ပိုလန်ကို ဒီနေ့ ရောက်ပြီ” လို့ ပေါ်တူဂီဝန်ကြီးချုပ် အန်တိုနီယို ကို့စ်တာက  ပြောပါတယ်။

ယူကရိန်းဟာ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်ဖြစ်ရေးက လွဲလို့ အခြားရွေးချယ်စရာတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဇလန်စကီးက ထပ်ထောက်ပြ ပြောဆိုပါတယ်။

ဒါဟာ ဥရောပနဲ့ ရုရှားကြား နောက်ထပ် အပေးအယူတခု ဖြစ်လာလိမ့်မယ်လို့ သမ္မတ ဇလန်းစကီးက ဆိုပါတယ်။

ယူကရိန်းနိုင်ငံရဲ့ EU အဖွဲ့ဝင်ဖြစ်ရေး အလားအလာအတွက်  အခြားရွေးချယ်စရာအဖြစ် ဆောင်ရွက်နိုင်တဲ့ ဥရောပနိုင်ငံရေးအသိုက်အဝန်း အသစ်တစ်ရပ်ကို ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက မေ ၁၀ ရက်မှာ အဆိုပြုခဲ့ပါတယ်။

ဥရောပကော်မရှင်ဟာ အီးယူအဖွဲ့ဝင်ဖြစ်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် ယူကရိန်းအစိုးရရဲ့ လျှောက်လွှာကို လက်ခံ၊ မခံနဲ့ ပတ်သက်လို့ ဇွန်လထဲမှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖို့ ရှိပါတယ်။ 

//
More News
Up