ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ မေ ၂၀ ရက်နေ့စတင်က ၂ ရက်ဆက် မိုးရွာသွန်းပြီး သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်အချို့မှာ ရေကြီးရေလျှံဖြစ်နေပြီး ပြည်သူတွေ ရေဘေးတိမ်းရှောင်နေရပါတယ်။
ရေကြီးမှုကြောင့် မြဝတီမြို့အမှတ် ၁ ရက်ကွက် နဲ့ ရပ်ကွက် ၅ က ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူတွေဟာ အမှတ် ၅ ရပ်ကွက် အထက ၃ စာသင်ကျောင်းမှာ ယာယီနေထိုင်နေကြတယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
ကုန်းတွင်းမုန်တိုင်းငယ်ဟာ မေလ ၂၀ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လေပြင်းနဲ့အတူ မိုးရွာသွန်းခဲ့တာကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲ့၊ မြဝတီ စတဲ့ မြို့နယ်တွေမှာ သစ်ပင်တွေလဲကျတာတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ တာ့ခ်ရိုင် မဲဆောက်မြို့ နေရာအချို့မှာလည်း ရေကြီးနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ထိုင်းစစ်တပ်ကများမှ လိုက်လံကူညီပေးနေကြပါတယ်။
မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် ၁ တံတားအနီး ပျံကျစျေးမှာလည်း ဈေးဆိုင်တဝက်လောက်သာ ဖွင့်ထားကြတယ်လို့ သိရပါတယ်။