ရုရှားအပေါ် ဆိုက်ဘာတိုက်ခိုက်မှု ပိုများလာဟု သမ္မတပူတင်ပြော

နိုင်ငံရပ်ခြား အစိုးရတွေရဲ့ ရုရှားအပေါ် ဆိုက်ဘာတိုက်ခိုက်မှု အရေအတွက် အဆပေါင်းများစွာ တိုးလာခဲ့ပြီး ရုရှားအနေနဲ့ နိုင်ငံခြား ဆော့ဖ်ဝဲရ်နဲ့ ဟာ့ဒ်ဝဲရ် အသုံးပြုမှုတွေကို လျှော့ချခြင်းအားဖြင့် ဆိုက်ဘာကာကွယ်ရေး အားကောင်းစေရမယ်လို့ သမ္မတ ဗလာဒီမာပူတင်က မေလ ၂၀ ရက် မှာ ပြောကြားလိုက်ပါတယ်။ 

ရုရှားက ဖေဖော်ဝါရီ ၂၄ ရက်က သူ့စစ်တပ်တွေကို ယူကရိန်းနိုင်ငံကို စေလွှတ်လိုက်ခဲ့ကတည်းက နိုင်ငံပိုင်ကုမ္ပဏီတွေရဲ့ ဝက်ဘ်ဆိုဒ်တွေနဲ့ သတင်းဝက်ဘ်ဆိုဒ် အများအပြားဟာ ရှားရှားပါးပါး ဟက်ကာတွေရဲ့ ထိုးဖောက်ဝင်ရောက်တဲ့ ကြိုးပမ်းမှုတွေကို ကြုံနေရပြီး မကြာခဏ ဆိုသလို တိုက်ပွဲနဲ့ပတ်သက်ပြီး မော်စကိုရဲ့ တရားဝင်ဌာနနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ သတင်းအချက်အလက်တွေကို ပြနေတာ ဖြစ်ပါတယ်။ 

လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပူတင်က ရုရှားနိုင်ငံဟာ အဓိကကဏ္ဍတွေမှာ သတင်းအချက်အလက် လုံခြုံရေးကို မြှင့်တင်ဖို့ လိုအပ်မှာဖြစ်ပြီး ပြည်တွင်းနည်းပညာနဲ့ စက်ကိရိယာတွေကို ကူးပြောင်းအသုံးပြုရတော့မယ်လို့ ပြောပါတယ်။ 

နိုင်ငံခြား အိုင်တီ၊ ဆော့ဖ်ဝဲရ်နဲ့ ထုတ်ကုန်တွေအပေါ် ကန့်သတ်ချက်တွေဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ဖိအားပေးတဲ့ ကိရိယာတွေထဲကတခု ဖြစ်လာတယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။ 

အနောက်တိုင်း ပစ္စည်းပေးသွင်းသူ အများအပြားကလည်း ရုရှားမှာ သူတို့စက်ကိရိယာတွေရဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုကို တဖက်သတ် ရပ်တန့်ထားတယ်လို့လည်း ဆိုပါတယ်။ 

ပရိုဂရမ်  update တွေ လုပ်ပြီးနောက်မှာ ဘလော့ခ်-ပိတ်ဆို့ခံရတဲ့ ကိစ္စတွေကလည်း ခဏခဏ ပိုဖြစ်လာတယ်လို့လည်း သူက ပြောပါတယ်။ 

//
More News
Up