Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် အပြင်းအထန် လိုက်လံ မီးရှို့ဖျက်ဆီးနေ
DVB
·
May 21, 2022

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မေလ ၁၈ ရက်မှ မေလ ၂၁ ရက်အထိ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးပြီး  ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ကျေးရွာ ၇ ရွာက နေအိမ် ၁၄၀ ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ပန်းညိုရွာက နေအိမ် ၁၇ လုံး၊ ညောင်ကားယားရွာကနေအိမ် ၂၀ ကျော်၊ ရွာပုလဲရွာက နေအိမ် ၁၇ လုံး၊ ပေါက်ချောင်းရွာက နေအိမ် ၁၇ လုံးနဲ့ ဒီကနေ့မနက်ပိုင်းမှာ နဂါးပေါက်ရွာကနေအိမ်တလုံး၊  ဆိုင်ကယ်တစီးနဲ့ နေပူကုန်းကျေးရွာက နေအိမ် ၆ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့  CDSOM ရဲ့တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်မင်းယက္ခက ပြောပါတယ်။

“ကျနော်တို့အနေနဲ့က ဘယ်ပြည်သူတဦးတစ်ယောက်ရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုမှ နှောင့်ယှက်တာ ဘယ်ခံချင်မလဲဗျာ။ သူတို့ရဲ့ လူမဆန်တဲ့လုပ်ရပ်အပေါ်မှာ လက်နက်ခဲယမ်း မညီမျှမှုကြောင့်သာ ဒီလိုပဲရပ်ကြည့်နေရတဲ့အတိုင်းတာပေါ့။ ဘယ်ကျေးရွာကိုလာမယ် ဘယ်ကိုသွားမယ်လို့ သိထားတာမဟုတ်တော့ မိုးရွာတဲ့ အနေထားမှာပဲ ကိုယ့်နွားလေးတွေ၊ ကိုယ့်လှည်းလေးတွေနဲ့ ဘေးလွတ်ရာတောထဲတွေကို ရှောင်ကြရတာပေါ့။ တောထဲတွေမှာ မိုးတွေရွာပေမဲ့ မိုးကာလေးတွေနဲ့ ဖြစ်သလိုနေကြရပြီး စားဝတ်နေရေးအရမ်းခက်ခဲကြတယ်။”

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တဲ့ မယ်မသော်ရွာမှာ ရေစုပ်စက်တွေရှာဖွေပြီး မီးငြှိမ်းသတ်ပေးခဲ့သလို ဆရာဝန်တွေခေါ်လာပြီး နေမကောင်းတဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့လည်း  ဗိုလ်မင်းယက္ခက ပြောပါတယ်။

“ကျနော်တို့ရွာကို စစ်(...)တွေက မနေ့က မနက် ၉ နာရီလောက်မှာ စဝင်လာပြီး ရွာထဲမှာ စားတယ်။ သောက်တယ်။ မျိုတယ်ဆို့တယ်။ ပြီးတော့ ပြန်အထွက်မှာ ရွာကိုအနောက်ကနေ ၄ နေရာခွဲ ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာဗျ။”

မြောင်မြို့နယ်၊ မယ်မသော်ရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ  မေလ ၂၀ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က အင်အား ၁၅၀ လောက်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

မယ်မသော်ရွာမှာ အိမ်ခြေ ၃၂၉ အိမ်ရှိတဲ့အနက် အိမ်ခြေက ၇၀ ကျော်လောက်မီးလောင်ပြီး တခြားအဆောက်အအုံတွေနဲ့ ဆိုရင် စုစုပေါင်း အဆောက်အအုံ ၁၂၀ လောက်မီးလောင်ဆုံးရှုံးခဲတယ်လို့  မယ်မသော်ရွာ ဒေသခံပြည်သူတစ်ယောက်ကပြောပါတယ်။

“စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတော့ ပစ္စည်းဆုံးရှုံးမှုက လူ့အသက်လောက် တန်ဖိုးမရှိဘူးဆိုပြီး လူအလွတ်ပဲ ရုန်းရတာပေါ့။ ထွက်ပြေးတဲအချိန်မှာလည်း ဇနီးဖြစ်သူက ၆ လသားအရွယ် ကလေးငယ်နဲ့၊ ညီမဖြစ်သူကလည်း ဗိုက်ခွဲပြီးခါစနဲ့ ထွက်ပြေးခဲ့ကြရတာ။ ဒီကောင်တွေရဲ့ယုတ်မာချက်ကို တတိုင်းလုံးတပြည်လုံး သိနေတာပါပဲ။ စစ်ခွေးတွေအနေနဲ့ ကျနော်တို့ရဲ့ နေအိမ်အဆောက်အအုံတွေ  စည်းစိမ်ဥစ္စာတွေကိုပဲမီးရှို့လို့ရမယ်။ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ၊ သွေးတွေကိုတော့ ဘယ်တော့မှ မီးရှို့ဖျက်ဆီးလို့မရဘူး။”

မယ်မသော်ကျေးရွာကို ပြီးခဲ့တဲ့ မေလ၆ရက်နေ့ကလည်း  စစ်ကောင်စီတပ်တွေက   ပထမအကြိမ် ဝင်ရောက်မီးရှို့ခဲ့ဖူးပြီး  မြောင်မြို့နယ်တိုင်းလွှတ်တော်အမတ် ဒေါ်အေးမြတ်မွန်ရဲ့ နေအိမ်အပါအဝင် နေအိမ်အချို့ မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။

မြောင်မြို့နယ်၊ မင်းတန်းကျေးရွာမှာလည်း မေလ ၂၁ ရက် ဒီနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ပြည်သူလူထုရဲ့ နေအိမ်တချို့ ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ညနေ ၄ နာရီကျော်ကတည်းက မင်းတန်းရွာမှာ စစ်ကြောင်းနဲ့ ဝင်ရောက်လာပြီး မီးရှို့တာလို့ ဒေသခံတဦးက ပြောပါတယ်။“ညနေ လေးနာရီကျော်ကတည်းက မီးရှို့တာ ညပိုင်းအထိ အခုထိလည်း မပြန်သေးဘူးရွာထဲမှာရှိသေးတယ်။ ရွာထဲရှိနေတော့ နေအိမ်ဘယ်နှလုံးပါသွားတယ်ဆိုတာတော့မသိရသေးဘူး။”ရွာမှာ စစ်ကောင်စီတပ်သားတွေဝင်ရောက်ကတည်းက သက်ကြီးရွယ်အိုတွေကလွဲပြီး ကျန်တဲ့ရွာသားတွေကတော့ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာလည်း မေ ၂၁ ရက်  ဒီမနက် ၁၀ နာရီခွဲဝန်းကျင် လောက်ကစပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အခုလို မီးရှို့တဲ့စစ်တပ်ဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးဘက်ကနေ မုံရွာဘက်ဆီကို စုန်ဆင်းလာတဲ့ မော်တော်ယာဥ်ပေါ်မှာ  လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ မော်တော်ယာဥ် ၇ စီးနဲ့ စပိဘုတ် ၁ စီးလည်းပါဝင်ကာ ကျောက်စိမ်းတွေ တင်ဆောင်လာတယ်လို့ ယူဆရပြီး မေ ၂၁ ရက် မနက် ၉ နာရီလောက်က နှင်းကြီးကျေးရွာမရောက်မီ အထက်ပိုင်းတစ်နေရာမှာ PDF  ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မင်းကင်းမြို့နယ်အတွင်းရှိ ပြည်သူတွေရဲ့နေအိမ်တွေကို နေ့စဥ် ရက်ဆက်ဆိုသလို မီးရှို့နေတာဖြစ်ပြီး မေ ၂၀ ရက်ကလည်း တဲကြီးကျေးရွာရှိ နေအိမ်တွေကို မီးရှို့ခဲ့သလို ဒေသခံပြည်သူ ၈၀ ခန့်လောက်လည်း အဖမ်းခံထားရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၉ ရက်ကစပြီး ကလေးဝဘက်ကနေ မုံရွာဘက်ဆီကို ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့တဲ့ စစ်ကောင်စီရေယာဥ်တွေဟာ မင်းကင်းမြို့နယ် အင်းကုန်းကြီးကျေးရွမှာ ညအိပ်ရပ်နားခဲ့စဥ်အတွင်း ရွာသစ်ကုန်းကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၂ လုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကောင်စီရေယာဥ်တွေဟာ မေ ၂၀ ရက်နေ့မှာတော့ အင်းကုန်းကြီးကျေးရွာမှ ပြန်လည်ထွက်ခွာလာခဲ့ရာ မြစ်ကမ်းဘေးဝဲယာများကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ပြီး စုန်ဆင်းလာခဲ့ရာ ရှမ်းတောကျေးရွာက နေအိမ် ၂ လုံးနဲ့ သင်္ဘောကျေးရွာက နေအိမ် ၁ လုံးတို့ကို ထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဲဒီနေ့က စစ်ကောင်စီတပ်ဖွဲ့များဟာ တောင်ယာတောကျေးရွာမှာ ညအိပ်ရပ်နားခဲ့ပြီး မေ ၂၁ ရက်နေ့မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ထပ်မံစုန်ဆင်းလာခဲ့ရာ မနက်ပိုင်း ၉ နာရီလောက်မှာ နှင်းကြီးကျေးရွာနဲ့ ငအုန်းကျေးရွာကြားတစ်နေရာတွင် PDF အဖွဲ့တို့ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရလို့ စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုရှိခဲ့သလို ရေယာဥ် ၁ စီးလည်း ထိမှန်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနောက် စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့်  နှင်းကြီးကျေးရွာက နေအိမ် ၁၀၇ လုံး၊ လက်ချိတ်ကျေးရွာက နေအိမ် ၅၇ လုံးနဲ့ ဖက်ခတ်ကျေးရွာက နေအိမ် ၄ လုံးတို့ မီးလောင်ပြာကျသွားခဲ့တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့များဟာ ခန္တီးကနေ မုံရွာဘက်ဆီကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဥ်များနဲ့ စုန်ဆင်းလာတာဖြစ်ပြီး မင်းကင်းမြို့နယ်အရောက်မှာတော့ မော်တော် ၇ စီးနဲ့အတူ စပိဘုတ် ၁ စီးပါဝင်ကာ ကျောက်စိမ်းသယ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ကနီမြို့နယ်မှာလည်း ကျွန်းဖျားကျေးရွာကို  စစ်ကောင်စီတပ်တွေ မေလ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက ဝင်ရောက်လာပြီး မီးရှို့သွားတယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

“ဘုတလင်ဘက်ကနေ ထွက်လာတဲ့စစ်တပ်ပါဗျာ။ သူတို့ မီးရှို့လာတာ မေလ ၁၈ ရက်နေ့ ကနေ ဒီနေ့ ၂၁ ရက်နေ့အထိဆို ၇ ရွာရှိနေပြီဗျ။ ဘုတလင်၊ ချောင်းဝကြီး၊ ဝက်ချောင်းကလေး၊ နတ်ကြီး ၊ ဝက်ချောင်းကြီး၊ ရွာသာနဲ့ ဒီနေ့ ဆိုရင်ကျနော်တို့ ကျွန်းဖျားရွာကိုမီးရှို့နေကြတယ်ဗျ။ သူတို့လာ ကတည်းက ရွာသားတွေက  အခုအထိထွက်ပြေးနေရတယ်။ ရွာကထွက်လာတဲ့မီးခိုးလုံးတွေပဲ အဝေးကနေ ထိုင်ကြည့်နေရတယ်။ ရွာသာရွာတုန်းက ဘုန်းတော်ကြီးတွေက ရွာတွေကို မီးမရှို့ဖို့တောင်းပန်းကြသေးတယ်။ မရပါဘူးဗျာ။ သူတို့ရှို့ရင်ရှို့နေကြတာပဲ။

ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က  စစ်ကြောင်းနှစ်ကြောင်းခွဲပြီး‌ ကျေးရွာတွေကို လိုက်လံ မီးရှို့နေတာကြောင့် ဒေသခံထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပါတယ်။

ချောင်းဦးမြို့နယ်၊ တပါယ်အင်းကျေးရွာကိုလည်း ကင်ပွန်းတော်ရွာနဲ့ ကံဇီးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းကာ ဒီနေ့ မွန်းလွဲ ၁ နာရလောက်က ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက " ဒီနေ့ နေ့လယ် ၁နာရီလောက်က ကင်ပွန်းတော်၊ ကံဇီး အဲဒီရွာက ပျူစောထီးတွေနဲ့ စစ်သားတွေက လာမီးရှို့သွားတာ။ သူတို့ ဝင်လာတော့ ကျနော်တို့လည်း ဘေးလွတ်ရာကို ရှောင်တိမ်းရတယ်။ သူတို့ပြန်သွားပြီးမှ ရွာထဲ ပြန်ဝင်ပြီးမီးငြှိမ်းရတာ။ နေအိမ်၁၀ လုံးကတော့ မီးလောင်သွားတယ်"လို့  ပြောပါတယ်။

ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်ရှိ  ဝယာ၊ ယာကြီး၊ ဆီပုဂံ၊ ကင်မွန်းတော်၊ ပေါက်ပင်၊ အင်းမ ၊ တောကျောင်းလေး၊ ရွှေလှေစတဲ့ကျေးရွာတွေဟာ မကြာခဏ မီးရှို့ခံနေရပြီး  ​နေအိမ် ၄၀၀ နီးပါး မီးလောင်သွားခဲ့ကာ ဒေသခံပြည်သူ  ၁၀၀၀ လောက် စစ်ဘေးရှောင်နေရတယ်လို့ အမြင့်တိုက်နယ် သတင်းပြန်ကြားရေးထံက သိရပါတယ်။

ကလေးမြို့နယ်၊ အင်းကျော်ကျေးရွာရှိ နေအိမ်တွေကိုလည်း စစ်ကောင်စီ တပ်သားတွေက ဒီကနေ့ မနက်ပိုင်းက မီးရှို့ဖျက်ဆီးသွားပါတယ်။

အင်းကျော်ကျေးရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိပြီး  အဝေးကလှမ်းမြင်ရတာကြောင့် အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းပျက်စီးတယ်ဆိုတာ မသိရသေးဘူးလို့  အင်းကျော်ကျေးရွာက စစ်ဘေးရှောင်ဒေသခံတစ်ဦးက  ဒီဗွီဘီကို ပြောပါတယ်။

"ရုတ်တရက်ကြီး စစ်ရှောင်ခဲ့ရတာဆိုတော့ စားသောက်စရာ ဆန်ဆီတွေ များများမပါခဲ့သလို အဝတ်အထည်တွေလည်း မပါခဲ့ဘူး။ ရွာကိုလည်း မီးရှို့နေတယ်။ အခုကတော့ မီးခိုးတွေ မြင်ရသလောက်ဆို  တော်တော်များနိုင်တယ်။” 

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကလေးနယ်ကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေဖြတ် တောက်ထားပြီး သတင်းအမှောင်ချထားတာ ၃ လဝန်းကျင်ရှိနေပြီဖြစ်ပြီး  ကလေးမြို့နယ်ကို တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ အမြဲတမ်းငြင်းဆန်လေ့ရှိသလို့ PDF တပ်ဖွဲ့တွေကသာ မီးရှို့ဖျက်ဆီးနေတာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ  ပြောဆိုလေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024