ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မေ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က  စစ်ကောင်စီယာဉ်တန်းကို လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစုက DVB ကို ပြောပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ ကျိုက်ထိုဘက်ကို ဆင်းလာတဲ့ ကားအစီး ၃၀ လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ကားတစ်စီး လက်နက်ကြီး ထိမှန်ပြီး လမ်းဘေးထိုးကျသွားခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးထိမှန်တဲ့ ကားရှိ စစ်ကောင်စီတပ်သားတွေကို တခြားကားတစ်စီးနဲ့ တင်ဆောင်ပြီး မောင်းနှင်းသွားတာမြင်ခဲ့ရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ပစ်ခတ်မှုပြီးနောက် ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီတပ်ကလည်း လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးခဲ့ပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရနေရသလို အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

//
More News
Up