အာဇိုစတယ်သံမဏိစက်ရုံမှာ လက်နက်ချခဲ့သည့် ယူကရိန်းစစ်သားများအတွက် မိသားစုစိုးရိမ်နေ

မာရီယူပိုမြို့မှာရှိတဲ့ အာဇိုစတယ်သံမဏိစက်ရုံက ယူကရိန်းတိုက်ခိုက်ရေးသမားတွေရဲ့ တူရကီရှိ မိသားစုတွေဟာ သူတို့မိသားစုဝင်တွေရဲ့ ကံကြမ္မာကို စိုးရိမ်နေကြပါတယ်။ 

ယူကရိန်းတိုက်ခိုက်ရေးသမားရဲ့ ဇနီးဖြစ်သူက သူနဲ့ သူ့ခင်ပွန်းဟာ Telegramမှတဆင့် ဆယ်မိနစ်စာ မက်ဆေ့ချ်အပြန်အလှန် ပေးပို့ခဲ့ပြီးနောက်ပိုင်း ဘာမှမကြားရ သိရတော့တာ ၂ ရက်လောက်ရှိသွားပြီ လို့ အစ္စတန်ဘူလ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ရုရှားတပ်တွေဆီမှာ လက်နက်ချခဲ့တဲ့ သူ့ခင်ပွန်းဟာ တစ်နေ့နေ့  အိမ်ပြန်လာမယ်လို့ ယုံကြည်နေသေးကြောင်းလည်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

နိုင်ငံတကာအသိုင်းအဝိုင်းဆီက အကူအညီ တောင်းနေချိန်မှာပဲ  ယူကရိန်းတိုက်ခိုက်ရေးသမားတွေရဲ့ မိသားစုဝင်တွေဟာ ထိန်းသိမ်းခံထားရတဲ့ သူတို့ရဲ့ ချစ်ခင်ရသူတွေကို ကာကွယ်ပေးမယ့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ထူထောင်ဖို့ အတူတကွ စီစဉ်နေပါတယ်။ 

ဒဏ်ရာပြင်းပြင်းထန်ထန်ရထားကြတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေကို အာဇိုစတယ် သံမဏိစက်ရုံကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းကယ်ထုတ်ထားကြောင်း ယူကရိန်း-အာဇော့ဗ် တပ်က တပ်မှူးက မေ ၂၀ ရက်မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြောကြားထားပါတယ်။ 

ဒါပေမဲ့ ကျန်တဲ့ ကာကွယ်ရေးသမားတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး နောက်ထပ် သဲလွန်စ ဘာမှမရသေးပါဘူး။ 

ရုရှားကာကွယ်ရေးဝန်ကြီးကတော့ အခုထိ  အာဇော့ဗ်စတယ်က ယူကရိန်းစစ်သား ၂၀၀၀ လောက် လက်နက်ချခဲ့ကြောင်း ပြောထားပေမဲ့ အဲဒီအရေအတွက်ကို ယူကရိန်းအရာရှိတွေက အတည်မပြုနိုင်သေးပါဘူး။ 

မာရီယူပိုမြို့မှာရှိတဲ့ အာဇိုစတယ်သံမဏိစက်ရုံဝင်းထဲကနေ နောက်ဆုံးအချိန်ထိ ခုခံနေတဲ့ ယူကရိန်းစစ်သားတွေအားလုံး လက်နက်ချလိုက်ပြီလို့ ရုရှားက မေလ ၂၀ ရက်မှာ ကြေညာထားပါတယ်။

//
More News
Up