ဩစတြေးလျရွေးကောက်ပွဲ မဲများစတင်ရေတွက်နေ

သြစတြေးလျနိုင်ငံမှာတော့ အစိုးရ လေးဆက်မြောက်သက်တမ်းကိုထပ်ရဖို့ ကြိုးစားနေတဲ့ ကွန်ဆာဗေးတစ်လစ်ဘရယ်-အမျိုးသားညွန့်ပေါင်းအဖွဲ့နဲ့  ကိုးနှစ်ကြာ အတိုက်အခံလုပ်ပြီး အာဏာပြန်ရဖို့ ကြိုးပမ်းနေတဲ့ အလုပ်သမားပါတီတို့အကြား အကြိတ်အနယ်ယှဉ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲ ကျင်းပနေပါတယ်။ 

သြစတြေးလျပြည်တွင်းက မဲဆန္ဒရှင်တွေကတော့ မေ ၂၁ ရက်မှာ သက်ဆိုင်ရာ မဲရုံတွေကို  သွားရောက် ဆန္ဒမဲပေးခဲ့ကြပြီး ပြည်ပရောက် ဩစတြေးလျနိုင်ငံသားတွေကလည်း ပြီးခဲ့တဲ့ ရက်တွေကတည်းက သက်ဆိုင်ရာနိုင်ငံတွေမှာ ကြိုတင်မဲပေးခဲ့ကြပါတယ်။  

ရာသီဥတုဖောက်ပြန်မှုနဲ့ လူနေမှုစရိတ်စကတွေဟာ ဖက်ဒရယ်ရွေးကောက်ပွဲမှာ သူတို့ရဲ့ ဆန္ဒမဲ တွေကို ယိမ်းယိုင်စေတဲ့ ပြဿနာတွေထဲမှာ ပါနေတယ်လို့ မေ ၂၀ ရက်က  လန်ဒန်မှာ သူတို့ရဲ့ ဆန္ဒ မဲတွေကို ပေးကြတဲ့ ဩစတြေးလျနိုင်ငံသားတွေက ပြောပါတယ်။ 

အသက် ၇၃ နှစ်အရွယ် ဆူဇန်နာရိုင်ရန်ကကတော့ “အမျိုးသမီးတွေအပေါ် မလိုမုန်းထားမှုတွေနဲ့ အကျင့်ပျက်ခြစားမှုတို့ကို စိုးရိမ်နေရတာကြောင့် လေဘာပါတီကို မဲပေးတာဟာ ပြည်ပရောက် ဩစတြေးလျနိုင်ငံသားတွေအတွက် ဉာဏ်ရည်မမီတာပဲ”လို့ ပြောကြားပါတယ်။ 

အသက် ၃၀ နှစ်အရွယ်အန်နာဟင်းဂစ်အတွက် အဓိကအကြောင်းကတော့ သြစတြေးလျရဲ့ ရာသီဥတုမူဝါဒကို မြှင့်တင်ခြင်းပဲဖြစ်တာကြောင့် ဂရင်းပါတီကို မဲပေးခဲ့တယ်လို့ ဆိုပါတယ်။

လစ်ဘရယ်မဲဆန္ဒရှင် အသက် ၂၃ နှစ်အရွယ်ဂျိုးဟတ်နဲ့ အသက် ၂၀ အရွယ် မက်ဂျန်ကင်စ်  တို့ကတော့ သူတို့မဲဆန္ဒတွေကို သူတို့မိသားစုရဲ့ အစဉ်အလာမဲပေးပုံတွေက လွှမ်းမိုးခဲ့တယ်လို့ ပြောပါတယ်။

သဘောထားစစ်တမ်းတွေမှာ လေဘာပါတီက ဦးဆောင်မှုကို ပြသခဲ့ပေမယ့်လည်း မဲဆွယ်စည်းရုံးမှု နောက်ဆုံးရက်သတ္တပတ်တွေမှာတော့ ကွာဟချက် ကျဉ်းမြောင်းသွားခဲ့ပါတယ်။ မောရစ်ဆင်ဟာ သူ့ကိုယ်သူ (ဘူဒိုဇာ နည်းနည်းဆန်) ဩဇာသုံးတတ်တဲ့သူလို ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူ့ရဲ့အုပ်ချုပ်မှုပုံစံကို ပြောင်းလဲဖို့ ကတိပြုခဲ့ပါတယ်။ 

လေဘာပါတီခေါင်းဆောင် အန်တိုနီ အယ်လ်ဘန်နီကတော့ သူ့ရဲ့အလုပ်သမား လူတန်းစားတွေကို အခြေခံပြီး တခြားရွေးချယ်စရာနဲ့ လက်တွေ့ကျကျပုံစံတခုကို ကမ်းလှမ်းထားပါတယ်။

သောကြာနေ့ဟာ လန်ဒန်မှာ သြစတြေးလျနိုင်ငံသားတွေအတွက် နောက်ဆုံးမဲပေးတဲ့နေ့ ဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ စနေနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ မဲရုံပိတ်ကာ ဆန္ဒမဲတွေ စတင်ရေတွက်နေပြီဖြစ်ပါတယ်။ 

//
More News
Up