ဘားအံတွင် လေပြင်းတိုက်ခိုက်သဖြင့် သစ်ပင်များလဲကျပြီး လျှပ်စစ်မီးများပြတ်တောက်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မေ ၂၀ ရက် ညနေပိုင်းက မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် မြို့တွင်းနေရာတော်တော်များများမှာ သစ်ပင်တွေလဲကျပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။

ကုန်းတွင်းမုန်တိုင်းငယ်ဟာ မေလ ၂၀ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လေပြင်းနဲ့အတူ မိုးရွာသွန်းခဲ့ရာ သစ်ပင်ကြီးတွေပါလဲကျခဲ့တဲ့အတွက် လျှပ်စစ်မီးတွေပြတ်တောက်ခဲ့သလို ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘားအံမြို့ခံတစ်ဦးက”သစ်ပင်ကြီးတချို့  လျှပ်စစ်မီးတိုင်တွေပေါ် လဲကျခဲ့တယ်။ လေပြင်းတိုက်ခိုက်ခဲ့တဲ့ ညနေပိုင်းကစတင်ပြီး ဘားအံမြို့မှာ လျှပ်စစ်မီးပြတ်တောက်တာ အခုထိပဲ။ လူတွေတော့ ထိခိုက်မှုရှိတာ မကြားဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)တာဝန်ရှိသူတစ်ဦးက “မြို့ရဲ့ နေရာတော်တော်များများ သစ်ပင်တွေလဲတယ်။ တချို့နေရာတွေမှာ မီးတိုင်တွေပေါ်နဲ့ ကားလမ်းတွေပေါ်လဲကျတော့ လမ်းတွေမပိတ်အောင် အရင်ရှင်းလင်းနေရတယ်။ မနေ့တည်းက ရှင်းနေတာ ဒီနေ့အထိ မပြီးသေးဘူး”လို့ ဆိုပါတယ်။

အခု လေပြင်းတိုက်ခိုက်မှုနဲ့အတူ သစ်ပင်တွေလဲကျရာမှာ လူတွေထိခိုက်မှုမရှိသလို လူအိမ်တွေထိခိုက်မှုမရှိကြောင်း ဒီနှစ်အစ တစ်ရက်တည်း သစ်ပင်လဲကျရှင်းလင်းရာမှာ မနှစ်က မိုးရာသီတစ်နှစ်လုံးစာထက် ပိုရှင်းရှင်းလင်းနေရတယ်လို့  ဆိုပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် ထွန့်ပတိုင်ရေကန်အနီး၊ ကော့ဝုန်းဘောလုံးကွင်းအရှေ့၊ အထက(၂)ကျောင်းဝင်းအတွင်း၊ ‌လမ်းဂွ ‌မဲဘောင်ကျောင်းအရှေ့၊ ရေကျော် CB Bank အရှေ့ ၊ ကောလိပ်အရှေ့နဲ့ သံလွင်အရှေ့ခြမ်း မြိုင်ကလေးကျေးရွာဘက် (ဘားအံ-ရန်ကုန်) ကားလမ်းဘေးတွေမှာပါ သစ်ပင်တွေ လဲကျခဲ့ပါတယ်။

ယာဉ်ကြော မပိတ်ဆို့ လဲကျနေတဲ့ သစ်ပင်ကြီးတွေကို ဖြတ်တောက် ရှင်းလင်းရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (ဘားအံခရိုင်)က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး လုပ်ဆောင်နေကြပါတယ်။

မုန်းတိုင်းကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲ့၊ မြဝတီစတဲ့ မြို့နယ်တွေမှာလည်း သစ်ပင်တွေလဲကျတာ တွေရှိခဲ့ပါတယ်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်ဟာ ဒီကနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်းကိုဝင်ရောက်ပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးလို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

//
More News
Up