Home
မြန်မာသတင်း
သန်းခေါင်စာရင်း စာရင်းကောက်ကွက်မြေပုံများ ဖြန့်ဝေ
DVB
·
March 19, 2014
သန်းခေါင်စာရင်းအတွက် အသုံးပြုမယ့် စာရင်းကောက်ကွက် မြေပုံပေါင်း ၁ သိန်းကို ခေတ်မီ နည်းပညာသုံး မြေပုံထုတ်စက်ကြီးနဲ့ သက်ဆိုင်ရာဒေသအသီးသီးကို ဖြန့်ဝေပေးပြီး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဖေဘွတ်စ် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ Census2014 မြေပြင်ကွင်းဆင်း သန်းခေါင်စာရင်း ကောက်ယူကြမယ့် စာရင်းစစ်နဲ့ စာရင်းကောက်များတွေဟာ တာဝန်ကျရာ စာရင်းကောက်ကွက်တွေမှာ ဒီမြေပုံတွေကို အသုံးပြုပြီး စာရင်းဇယားတွေ မထပ်မကျန် အမှန်ရရှိနိုင်ရေး ဆောင်ရွက်သွားရမှာပါ။ စာရင်းကောက်ကွက်မြေပုံတွေမှာ မြန်မာနိုင်ငံအတွင်းရှိ ဒေသအလိုက် အိမ်ခြေတွေနဲ့ အဆောက်အအုံတွေကို အသေးစိတ် ရေးဆွဲ ဖော်ပြထားပါတယ်။ စာရင်းကောက်ကွက် မြေပုံတွေ ရေးဆွဲထုတ်လုပ်ရာမှာ သက်ဆိုင်ရာ ဒေသအသီးသီးရှိ လ၀ကဝန်ထမ်းတွေ အိမ်ထောင်စုတစုချင်းအလိုက် မှတ်တမ်းတင် ရေးဆွဲ ပြုစုပေးပို့ခဲ့တဲ့ မြေပုံနဲ့ စာရင်းဇယားတွေကို လ၀က၀န်ကြီးဌာန လက်အောက်ရှိ နည်းပညာ ထုတ်လုပ်ရေးဌာနမှာ ဂျီအိုင်အက်စ်စနစ်နဲ့ ကွန်ပျူတာကို အသုံးပြု ရေးဆွဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နိုင်ဖို့ လ၀က၀န်ကြီးဌာနမှာ ဝန်ထမ်း အယောက် ၄၀ ကို နိုင်ငံတကာပညာရှင်တွေက လေ့ကျင့် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ သန်းခေါင်စာရင်း စီမံချက်ရဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ တိကျ မှန်ကန်သော စာရင်းကောက်ကွက်မြေပုံတွေ ထုတ်လုပ်ရရှိနိုင်ရေးအတွက် ၂ နှစ်နီးပါးမျှ အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ မတ် ၃၀ ရက်ကနေ ဧပြီ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၇၃ ခုနှစ်မှာ ၁ ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် ၁ ကြိမ် ကောက်ယူခဲ့ပြီး ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024