မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ မေ ၂၀ ရက်နေ့မွန်းလွဲပိုင်းက စစ်ကောင်စီရဲ့ လက်ပါးစေ ပျူစောထီတွေ စီးလာတဲ့ ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Y3 မြေအောက်တော်လှန်ရေးအဖွဲ့က ပြောပါတယ်။
“ပျူတွေကတော့ ဆိက္ခဝရေနံမှော်ဘက်က ပျူတွေပါ။ ကား ၂ စီးနဲ့ ထွက်သွားတယ်လို့ သတင်းကြိုရလို့ မိုင်ခွဲတိုက်ခိုက်လိုက်တာပါ။ မြစ်ခြေမြို့ဘက်ကနေ ကျွန်းချောင်းဘက်ကို လာတာဗျ။ မှန်လုံကား အနက်ရောင်တစီးနဲ့ အဖြူရောင်တစီး မှာလိုက်ပါလာတဲ့ ပျူ(...)တွေကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်မှာ ကျနော်တို့ Y3 အဖွဲ့က ပဒေသမိုင်း ၅ လုံးခွဲပြီး တိုက်ခိုက်လိုက်တာပါ။ အရပ်ဝတ်တွေနဲ့ဆိုတော့ စစ်(...)တွေပါမပါ မသိရဘူး။ စစ်ကောင်စီရဲ့ လက်ပါးစေ ပျူစောထီးတွေတော့ ထိခိုက်သေဆုံးသူများပြားနိုင်တယ်။ ကားတစီးလည်း သုံးစားမရအောင် ထိခိုက်ပျက်စီးသွားတယ်” လို့ Y3-မြေအောက်တော်လှန်ရေးအဖွဲ့ရဲ့ တာဝန်ခံ Dragon Tiger က ဒီဗွီဘီကိုပြောပါတယ်။
ပြောက်ကျားနည်းဗျူဟာကို အသုံးပြုခဲ့တာကြောင့် ထိပ်တိုက်တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လာရာလမ်းအတိုင်း ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
“Y3-မြေအောက်တော်လှန်ရေးအဖွဲ်အနေနဲ့ မြို့ပေါ်တွေမှာ အဓိက လှုပ်ရှားရတာဖြစ်လို့ မိမိရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ရသလို ပြည်သူတွေကို မထိခိုက်အောင်လည်း ဂရုစိုက်ရတယ်။ အဓိက လိုအပ်ချက်ကတော့ လက်နက်ခဲယမ်းပေါ့။ ပြည်သူတွေ လှူဒါန်းထားတဲ့ ငွေကြေးတွေနဲ့ မိုင်းတွေဆင်တယ်။ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူအသုံးပြုတယ်” လို့ Y3 အဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ပျူစောထီးတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။