အာဇိုစတယ်သံမဏိစက်ရုံအတွင်း ခုခံနေသည့် ယူကရိန်းစစ်သားအားလုံး လက်နက်ချပြီဟု ရုရှားပြော

မာရီယူပိုမြို့မှာရှိတဲ့ အာဇိုစတယ်သံမဏိစက်ရုံဝင်းထဲကနေ နောက်ဆုံးအချိန်ထိ ခုခံနေတဲ့ ယူကရိန်းစစ်သားတွေ အားလုံး လက်နက်ချလိုက်ပြီလို့ ရုရှားက မေလ ၂၀ ရက်မှာ ကြေညာပါတယ်။

ယူကရိန်းစစ်သား ၅၃၁ ယောက်လည်း နောက်ဆုံးအသုတ်အနေနဲ့ လက်နက်ချလိုက်ကြပြီလို့ ဆိုပါတယ်။

သောကြာနေ့မှာ လက်နက်ချတဲ့ ယူကရိန်းစစ်သားတွေကို ကားတွေပေါ်တင်ပြီး ရုရှားတပ်တွေ  လုံခြုံရေးအပြည့်နဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒွန်းနက်စ်ခ်ဒေသထဲက အိုလံနစ်ကာ မြို့ဆီကို စနေနေ့မှာ ပို့ဆောင်ပါတယ်။

သံမဏိစက်ရုံ ဗုံးခိုကျင်းထဲကနေထွက်လာပြီး လက်နက်ချတဲ့ ယူကရိန်း စစ်သားအရေအတွက် ရာနဲ့ချီ ရှိပေမယ့် အတိအကျကို မသိရပါဘူး။ 

လက်နက်ချတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမား ၂၀၀၀ အထိ ရှိတယ်လို့ ရုရှားဘက်က ပြောနေပေမဲ့ ယူကရိန်းအစိုးရဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးပါဘူး။

မနေ့ညက နိုင်ငံကို ပြောကြားတဲ့ ရုပ်မြင်သံကြားမှာမိန့်ခွန်းမှာ သမ္မတ ဇီလန်စကီးက သံမဏိစက်ရုံဝင်းထဲကနေ ခုခံနေတဲ့ ယူကရိန်းတပ်တွေကို လက်နက်ချဖို့ မေလ ၁၆ ရက်နေ့ကတည်းက အမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်း လေတပ်က မာရီယူပိုမြို့မှာ ပိတ်မိနေတဲ့ တပ်တွေကို စစ်ကူပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ အကျအဆုံးများခဲ့တယ်လို့လည်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။

//
More News
Up