Live
Home
မြန်မာသတင်း
ပျူနှင့်သွေးသောက်အဖွဲ့ကို သက်ညှာမည်မဟုတ်ဟု ဒေသကာကွယ်ရေးတပ်များ သတိပေး
DVB
·
May 21, 2022

ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ သွေးသောက်အဖွဲ့တွေကို ငဲ့ညှာမှာ မဟုတ်ဘူးလို့ မန္တလေးတိုင်းတောင်ပိုင်း ဒေသကာကွယ်ရေးတပ်တွေက သတိပေးလိုက်ပါတယ်။

ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ၊ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ၊ အပြစ်မဲ့ပြည်သူကို ဖမ်းဆီးပြီး နောက်တရက်မှာ သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်တဲ့ သွေးသောက်အဖွဲ့ဝင်တွေကို ငဲ့ညှာမှာ မဟုတ်ဘူးလို့ မြေလတ်-PDF MGN District ရဲ့ တာဝန်ခံက ပြောပါတယ်။

တပ်ရင်း ၃၊ တပ်ခွဲ ၁ ရဲ့ တပ်ခွဲမှူး၊ မြေလတ် PDF ရဲ့ တာဝန်ခံ ဗိုလ်ရန်ဘိုက “ကျနော်တို့ အနေနဲ့ကတော့ သွေးသောက်ပဲဖြစ်ဖြစ်၊ ပျူပဲဖြစ်ဖြစ်ပေါ့နော်၊ ပြည်သူလူထုကို စကစကနေပြီးတော့ ဒုက္ခပေးတယ်၊ စကစနဲ့ နောက်ထောက်ကျောခံတွေ၊ ဒေါက်တိုင်တွေကလည်း အဲ့လိုမျိုး ပြည်သူလူထုကို ဒုက္ခပေးနေမယ်ဆိုရင်တော့ ငဲ့ညှာမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

မေ ၂၀ ရက်နေ့က ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ရွာက ဒလန်လုပ်နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စန်းရွှေ နေအိမ်မှာ ပျူစောထီးအဖွဲ့ဝင် ၈ ဦး အစည်းအဝေးလုပ်နေစဉ် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး စန်းရွှေ အပါအဝင် ၃ ဦး သေဆုံးကာ၊ ၁ ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားတယ်လို့ ကာကွယ်ရေးတပ်တွေက ဆိုပါတယ်။

ဗိုလ်ရမ်ဘိုက “ရွာရဲ့အရှေ့ဘက်နားမှာ တဲလေးရှိတယ်ပေါ့၊ အရှေ့တောင်ထောင့်မှာ၊ အဲ့မှာစည်းဝေးနေကြတာ၊ သွေးသောက်အဖွဲ့တွေပေါ၊ ပျူတွေပေါ့၊ အဲ့ဒါ စည်းဝေးပြီးတော့ တိုင်ပင်နေကြတာပေါ့၊ အဲ့မှာ ကျနော်တို့ရောက်သွားတော့ ပါတာနဲ့ အသင့်ဝင်ပစ်တာပေါ့၊ ဝင်ပစ်တော့ သုံးကောင်ကတော့ ကြွတယ်၊ တကောင်ကတော့ ဒဏ်ရာရသွားတယ်၊ ပြင်းပြင်းထန်ထန်ရသွားတယ်၊ လေးကောင်ကတော့ ထွက်ပြေးသွားတာ” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ ပျူနဲ့သွေးသောက် လေးဦးဟာ ကျေးရွာအတွင်း ဝင်ရောက်သွားကြပေမယ့် ပြည်သူတွေကို ထိမှန်မှာစိုးရိမ်တဲ့အတွက် လိုက်လံ မပစ်ခတ်တော့ဘဲ နောက်ဆုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စန်းရွှေဟာ ရပ်ရွာအတွင်း ဓားလွယ်ပြီး သွား‌လာနေသလို သူ့အဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ယခင်ကလည်း ကျေးရွာသားတချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပစ်ခတ်သုတ်သင်ခံခဲ့ရသူတွေဟာ ပြည်သူကို ဒုက္ခပေးဖို့ သွေးသောက်အဖွဲ့ ဖွဲ့စည်းဖို့ အစည်းဝေးလုပ်နေကြတာဖြစ်ပြီး သူတို့ကို မဟာမိတ်အဖွဲ့စည်းတွေဖြစ်တဲ့ TTAပြောက်ကျားတပ်(တောင်သာ)၊မြေလတ်-PDF MGN District ၊ Seven People Defense Force(S.P.D.F)၊ Bagan Ogre Force(ပုဂံ)နဲ့ 27 Revolution Force(MGN) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်တွေက အနီးအနားတွေမှာ ပတ်ပြီး စစ်ဆေးနေပေမယ့် ဖမ်းဆီးခံရသူတော့ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက စတင်ပေါ်ပေါက်လာခဲ့တဲ့ သွေးသောက်အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ မိသားစုတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ကူညီ ထောက်ပံ့ပေးနေသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိလာခဲ့တာပါ။ ပျူစောထီးအဖွဲ့တွေကတော့ စစ်ကောင်စီတပ်နဲ့အတူ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024