ရုရှားက စားနပ်ရိက္ခာကို လက်နက်သဖွယ်အသုံးချနေဟု ကန်နိုင်ငံခြားရေးဝန်ကြီး စွပ်စွဲ

သန်းနဲ့ချီတဲ့ ယူကရိန်းနိုင်ငံသားတွေနဲ့ ကမ္ဘာတဝန်းက လူတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ရုရှားစစ်တပ်က ဓားစာခံအဖြစ် ချုပ်ကိုင်ထားပြီး အစားအစာကို လက်နက်လို အသုံးချနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရုရှားကို မေ ၁၉ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

ရိက္ခာကို လက်နက်အဖြစ် အသုံးပြုခြင်းဟာ သူ့ရဲ့ကျူးကျော်မှုကို အောင်မြင်အောင် ကူညီပေးရုံတင်မက ယူကရိန်းပြည်သူတွေရဲ့ စိတ်ဓာတ်ကို ချိုးဖျက်ဖို့လည်း လုပ်နိုင်မယ်လို့ ရုရှားအစိုးရက တွေးထားပုံရကြောင်း ဝန်ကြီးဘင်ကန်က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မိန့်ခွန်းပြောကြားရာမှာ ဘလင်ကန်ဟာ ယူကရိန်းဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာ ရပ်တန့်ဖို့ ရုရှားကို တောင်းဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဗက်စလီနီဘန်ဇီယာကတော့ နှစ်ပေါင်းများစွာ ချက်ကြစားကြလို့ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းကြုံရတာဖြစ်ပြီး ရုရှားကို အပြစ်တင်နေတာ လုံးဝမှားယွင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ သူ့ရဲ့ဆိပ်ကမ်းတွေမှာ နိုင်ငံခြားသင်္ဘောတွေကို ဆိုက်ကပ်ထားခိုင်းပြီး ရေပြင်တူးဖော်မှုတွေလည်း လုပ်နေကြောင်း စွပ်စွဲလိုက်ပြီး ရုရှားစစ်တပ်ကတော့ သင်္ဘောတွေအတွက် ဘေးကင်းတဲ့ စင်္ကြံလမ်းကြောင်းတွေဖွင့်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်း ပြောပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားရဲ့ အစားအစာနဲ့ ဓာတ်မြေသြဇာ တင်ပို့မှုအပေါ် ပိတ်ပင်ခံခဲ့ရတယ်လို့လည်း ရုရှားသံအမတ်က အပြစ်တင်ခဲ့ပါတယ်။

ပိတ်ဆို့အရေးယူမှုတွေဟာ စားနပ်ရိက္ခာ အကျပ်အတည်းကို လှုံ့ဆော်ပေးနေတယ်လို့ ဆိုတဲ့ ရုရှားရဲ့ ပြောကြားချက်ကို အမေရိကန်က ပယ်ချခဲ့ပါတယ်။

စားနပ်ရိက္ခာကို လက်နက်အဖြစ် အသုံးချနေတာက မော်စကိုရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး မော်စကိုကပဲ လုပ်နေတာလို့ ဘလင်ကန်က ပြောပါတယ်။

ရုရှားအစိုးရရဲ့ လုပ်ရပ်တွေကြောင့် ယူကရိန်းရဲ့ စားနပ်ရိက္ခာ သိုလှောင်တဲ့ ဂိုဒေါင်ကြီးတွေထဲမှာ မသုံးလိုက်ရတဲ့ ကောက်နှံ တန်ချိန် သန်း ၂၀ လောက် ဒီတိုင်းရှိနေရပြီး ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှု ကျဆင်းလာတာနဲ့အမျှ ဈေးနှုန်းတွေ တဟုန်ထိုး တက်သွားလို့ ကမ္ဘာတဝန်း အစားအသောက် မလုံခြုံမှုကို ပိုကြုံတွေ့လာရစေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ ယူကရိန်းကို ပင်လယ်နက်ကတဆင့် အစားအစာ တင်ပို့မှုကို ပြန်လည်စတင်နိုင်ဖို့အပြင် ရုရှားအစားအစာနဲ့ ဓာတ်မြေသြဇာ ထုတ်လုပ်မှုကိုလည်း ကမ္ဘာ့ဈေးကွက်ကို ပြန်လည်အသက်သွင်းနိုင်မယ့် အစီအစဉ် လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။

"ကမ္ဘာပေါ်မှာ လူတိုင်းအတွက် စားနပ်ရိက္ခာ အလုံအလောက်ရှိပါတယ်။ ပြဿနာက ဖြန့်ဖြူးရေးဖြစ်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပါတယ်" လို့ ဂူတာရက်စ်က မေ ၁၉ ရက်မှာ လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။

ပူတင်က အထူးစစ်ဆင်ရေးလို့ ခေါ်ဝေါ်တဲ့ ရုရှားရဲ့ ယူကရိန်း အပေါ် ကျူးကျော်စစ်ကို ဖေဖော်ဝါရီ ၂၄ ရက်မှာစတင်ခဲ့တာဖြစ်ပြီး စစ်ပွဲကြောင့် ဆန်စပါး၊ ဟင်းချက်ဆီ၊ လောင်စာဆီနဲ့ ဓာတ်မြေသြဇာတွေအတွက် ကမ္ဘာ့ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ ကမ္ဘာလုံးဆိုင်ရာ ဂျုံထောက်ပံ့မှုရဲ့ သုံးပုံတပုံနီးပါးလောက်ကို ထုတ်လုပ်တာပါ။

ယူကရိန်းနိုင်ငံဟာ ပြောင်း၊ မုယောစပါး၊ နေကြာဆီနဲ့ မုံညင်းဆီတို့ကို အဓိကတင်ပို့တဲ့ နိုင်ငံလည်းဖြစ်ပြီး ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ မော်စကိုကို ကျောထောက်နောက်ခံ ပေးထားတဲ့ ဘီလာရုစ်တို့က သီးနှံအာဟာရဖြစ်တဲ့ ပိုတက်ရှ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ တင်ပို့မှု ၄၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။

//
More News
Up