မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ရွှေတန့်တစ်နဲ့ မယ်တော်လှကြားက ရေတင်ရုံးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတဦးကို စစ်ကောင်စီတပ်တွေက မေ ၁၉ ရက် ညနေ ၃ နာရီဝန်းကျင်က ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မြစ်ထဲတိုင်စိုက်ခင်းတွေဆီ ရေတင်ရတဲ့ ရေတင်ရုံးမှာ လုပ်တယ်လို့ သိရတယ်။ သူက ရွာပြန်အလာ သူတို့နဲ့တွေ့ပြီး ခေါ်နှိပ်စက်တာ။ သူရောက်သွားတဲ့အချိန်မှာ စစ်သားတွေ အချင်းချင်း စကားများနေကြတာ။”
ဖမ်းဆီးနှိပ်စက်ခံရသူဟာ ဦးစိုးနိုင်ဖြစ်ပြီး အသတ်ခံလိုက်ရတယ်လို့ သိရပေမဲ့ အတည်ပြုလို့ မရသေးပါဘူး။
စစ်ကောင်စီတပ်တွေက ရွှေတန့်တစ် သစ်ဖောင်ဆိပ်ကို လာချိန်မှာ သစ်ဖောင်သမားနှစ်ဦးက ကမ်းကနေ ခွာတာကြောင့် စစ်ကောင်စီတပ်က မသင်္ကာလို့ဆိုပြီး ထပ်မံဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
“ဘာလို့လဲတော့ မသိပေမဲ့ သစ်ဖောင်သမားတွေက စစ်သားတွေမြင်ဆို သစ်ဖောင်ကို ကမ်းကခွာတာ သူတို့ကို မခန့်လေးစားလုပ်တယ်ဆိုပြီး ဖမ်းသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
မေ ၁၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ကားနှစ်စီးနဲ့ ရွှေတန့်တစ်လမ်းမှာ အစစ်အဆေး လုပ်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။