Home
မြန်မာသတင်း
နိုင်ငံတကာက သံတမန်ဆက်ဆံရေးအဆင့်လျှော့ချမှု လိုအပ်သလို တုံ့ပြန်မည်ဟု စစ်ကောင်စီပြော
DVB
·
May 20, 2022

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာက သံတမန်ရေးရာ ဆက်ဆံမှု အဆင့်လျှော့ချမှုတွေအပေါ် နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သလို တုံ့ပြန်သွားမယ်လို့ မေ ၁၉ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီးက ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်က ခန့်အပ်လွှာကို မပေးဘဲ မြန်မာနိုင်ငံက ထွက်ခွာကာ ထိုင်းနိုင်ငံကတဆင့် အင်္ဂလန်ကို ပြန်သွားပြီလို့ သိရပေမဲ့ နိုင်ငံတကာဆက်ဆံရေးမှာ သံခင်းတမန်ခင်းအနေနဲ့ သိမ်မွေ့သလို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ သံရုံး တရုံးမှ ရုပ်သိမ်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။

“သံတမန်အဆင့် လျှော့ချတယ်ပြောပြော မလျှော့ချဘူးပဲပြောပြော ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စတွေသည် သူတို့နိုင်ငံတွေရဲ့ သဘောထားဖြစ်ပြီး ကျနော်တို့နိုင်ငံအနေနဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ ဆောင်ရွက်သွားမယ်။ ပြီးရင် အမျိုးသားအကျိုးစီးပွားအတွက် တုံ့ပြန်သင့်တာတွေကို တုံ့ပြန်သွားပါမယ်”လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဗြိတိသျှသံအမတ်က ခန့်အပ်လွှာကို ပေးဖို့ ငြင်းဆိုခဲ့တာကြောင့် မြန်မာနိုင်ငံဘက်က သူ့နိုင်ငံမှာပဲ ပြန်စောင့်ဖို့ ပြောချိန်မှာ သံရုံးယာယီတာဝန်ခံထားဖို့ ပြောဆိုပေမဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လက်ခံလို့မရလို့ အသစ်ပဲလက်ခံမယ် ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဩစတြေးလျသံရုံးကလည်း သံအမတ်ကြီးတာဝန် ထမ်းဆောင်တဲ့ကာလပြီးလို့ ပြန်သွားတဲ့အချိန်မှာ သံအမတ်ကြီးနေရာမှာ သံရုံးယာယီတာဝန်ခံအနေနဲ့ပဲ ထားမယ်လို့ ဆောင်ရွက်တာကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း သံတမန်ကျင့်ဝတ် လုပ်ထုံးလုပ်နည်းအရ အပြန်အလှန် တုံ့ပြန်တဲ့အနေနဲ့ သံရုံးယာယီတာဝန်ခံထားဖို့ ဆောင်ရွက်ထားတာရှိတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024