Home
ဆောင်းပါး
သွေးသောက် စွန်ရဲ မျိုးချစ်ညွန့်ပေါင်းဆိုတဲ့ စကစ သုံးလာတဲ့ နှစ်ဘက်သွားဓားများ
DVB
·
May 20, 2022

စစ်အခွင့်ထူးခံ ဗိုလ်ချုပ်တွေဟာ ခေတ်အဆက်ဆက်မှာ သူတို့အာဏာကို ထိပါးလာတိုင်း မတရားမှုပြုတာကို လက်မခံကြတဲ့ ရဟန်း ရှင် လူ ကျောင်းသား ပြည်သူတွေကို သူတို့ရဲ့လက်ပါး‌စေ လက်မရွံ့ အာဏာပါးကွက်သားတွေကို ခိုင်းစေအသုံးချလို့ အလွန်ကြမ်းကြုတ်ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ်မှာ အရပ်သားအစိုးရထံက အာဏာလုယူခဲ့တဲ့  ဗိုလ်နေဝင်းဟာ လူသတ်လိုင်စင်ယူပြီး ဇူလိုင်လမှာ အာဏာသိမ်းတာကို ဆန့်ကျင်ကြတဲ့ ကျောင်းသူ ကျောင်းသားတွေကို ရန်ကုန်တက္ကသိုလ်ဝင်းထဲ အဆောင်တွေထဲအထိ မောင်းပြန်သေနတ်တွေနဲ့ အညှာအတာမဲ့စွာ ပစ်ခတ် သတ်ဖြတ်လို့ ကျောင်းသားကျောင်းသူ ရာချီ ကျဆုံးခဲ့ရပါတယ်။ အဲဒီတုန်းက အာဏာရှင်နေဝင်းရဲ့ လက်မရွံ့ အာဏာပါးကွက်သားကတော့ ရက်ပိုင်းသာ သမ္မတဖြစ်ခဲ့သူ သားသတ်သမားစိန်လွင် ဖြစ်ပါတယ်။

စစ်အခွင့်ထူးခံ ဗိုလ်ချုပ်တွေဟာ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်ပွဲ၊ ဖုန်းမော်အရေးအခင်း၊ တံတားနီ အရေးအခင်း၊ ရှစ်လေးလုံးအရေးတော်ပုံ စတဲ့ အာဏာရှင်ဆန့်ကျင်ရေး လူထုတော်လှန်ရေးတွေကို သူတို့ရဲ့ ခါးပိုက်ဆောင်စစ်တပ်ကို လက်ကိုင်တုတ်အဖြစ် အသုံးချပြီး သွေးချောင်းစီး သတ်ဖြတ်ခဲ့ကြတာ အားလုံးသိပြီး ဖြစ်ပါတယ်။

၁၉၈၈ စက်တင်ဘာ စစ်အာဏာသိမ်းအစိုးရရဲ့ လက်မရွံ့ အာဏာပါးကွက်သားကတော့ မူးယစ်ရာဇာတွေနဲ့ လက်တွဲအလုပ်လုပ်တာမို့ ဖိုးခင်ညွန့်လို့ လှောင်ပြောင်အခေါ်ခံရတဲ့အပြင် တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို ဖျက်ဆီးခဲ့တဲ့ ထောက်လှမ်းရေး စစ်ရာဇဝတ်ကောင် ခင်ညွန့် ဖြစ်ပါတယ်။ ခင်ညွန့်နဲ့ သူ့ရဲ့စစ်ထောက်လှမ်းရေး လက်ကိုင်တုတ်တွေကြောင့် အသက်ဆုံးပါးခဲ့ရတဲ့ အာဇာနည်ပြည်သူ အများအပြား ရှိခဲ့ပါတယ်။

စစ်အာဏာရှင် ဗိုလ်သန်းရွှေလက်ထက်မှာ ထင်ရှားတဲ့ လူသတ်ပွဲကတော့ အားလုံးသိပြီးဖြစ်တဲ့ ဒီပဲယင်းလူသတ်ပွဲ ဖြစ်ပါတယ်။ လက်မရွံ့ အာဏာပါးကွက်သားတွေဖြစ်တဲ့ စွမ်းအားရှင်တွေဟာ နယ်လှည့်စည်းရုံးရေးခရီး ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ထောက်ခံသူတွေကို သံတုတ်တွေနဲ့ ဝိုင်းရိုက်သတ်ခဲ့ကြပါတယ်။

စစ်ဘောင်းဘီချွတ် သမ္မတသိန်းစိန် လက်ထက်မှာလည်း စွမ်းအားရှင်တဖြစ်လဲ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး‌ရေးပါတီဟာ လူမျိုးရေး၊ ဘာသာရေး မငြိမ်သက်‌အောင် အစွန်းရောက် မဘသကို ဖွဲ့စည်းခဲ့ပြီး လက်ပတ်နီ စတဲ့ အမည်‌အမျိုးမျိုးနဲ့ ဆန္ဒပြ ကျောင်းသားပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးညှဉ်းပန်း ဗိုလ်ကျခဲ့ကြပါတယ်။ လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူဖူးတဲ့ သတင်းထောက် ကိုပါကြီးကိုလည်း စစ်တပ်က ဥပဒေမဲ့ သတ်ဖြတ်ခဲ့ကြပါတယ်။

ဒီကနေ့ သမ္မတရူး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါ‌တွေ လက်ထက်မှာတော့ သူတို့အရင် စစ်အာဏာရှင်တွေထက် ပိုမိုရက်စက်ကြမ်းကြုတ်စွာ ပြည်သူလူထုကို သတ်ဖြတ်ခဲ့ကြပါတယ်။ လက်နက်မဲ့ ဆန္ဒပြပြည်သူကို ဦးနှောက်ထွက်အောင် ခေါင်းကို တည့်တည့်ပစ်သတ်တာ၊ ဆန္ဒပြပြည်သူကို မနက်ဖမ်း၊ ညနေ အလောင်းလာယူခိုင်းတာ၊ သူတို့ရဲ့ ဒလန် သူလျှိုတွေရဲ့ သတင်းပေးမှုကြောင့် လူအရှင်လတ်လတ် ရိုက်အသတ်ခံရတာ၊ မခံရပ်နိုင်တဲ့ ပြည်သူတွေ ရရာလက်နက် ဆွဲကိုင်တော်လှန်ကြတော့ စစ်ဘေးရှောင်ပြည်သူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ မြို့ရွာ ဘုရားကျောင်းကန်တွေကို မီးရှို့ဖျက်ဆီးတာ၊ လူနေကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အမျိုးမျိုးကို သိန်းချီအောင် ကျူးလွန်ခဲ့ကြတာကြောင့် ပြည်သူလူထုဟာ မိမိတို့အသက်အန္တရာယ်ကို ကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ကာကွယ်ရေးတပ်တွေကို တည်ထောင်ပြီး စစ်ရာဇဝတ်ကောင်တွေ၊ သတင်းပေး ဒလန်တွေကို ရှင်းလင်းလာကြတာ အားလုံးအသိ ဖြစ်ပါတယ်။

မေလ ၁၄ ရက် သတင်းမှာ အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာကို ဝင်စီးပြီး မပြေးနိုင်လို့ ကျန်ရစ်တဲ့ ရွာသား ၃၀ ကို မီးရှို့ သတ်ဖြတ်ခဲ့ကြတဲ့ သတင်းကို ဖတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်အတွင်းမှာ စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့တဲ့ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနှင့် မျိုးချစ်မဟာမိတ် အစရှိတဲ့ အဖွဲ့တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နဲ့ ထောက်ခံသူ‌တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ၁၄ ဦး ရှိခဲ့ပြီး ယင်းသတ်ဖြတ်မှုတွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့ NLD ဗဟိုကော်မတီက  ထုတ်ပြန်ထားပါတယ်။

တကယ်တော့ ပျူ‌စောထီး၊ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်း၊ မျိုးချစ်မဟာမိတ်တွေ ဆိုတာ အကြမ်းဖက်စစ်ကောင်စီ သုံးတဲ့ နှစ်ဖက်သွားပါတဲ့ဓားပဲ ဖြစ်ပါတယ်။ စစ်အကြမ်းဖက် ခေါင်းဆောင်တွေဟာ သူတို့ကျူးလွန်ကြတဲ့ စစ်ရာဇဝတ်အမှုတွဲတွေ တိုးလာအောင် ကြံ့ခိုင်‌ရေးပါတီ အပါအဝင် စစ်တပ်ထောက်ခံသူအားလုံးကို အမှုတွဲ ခေါ်လိုက်တာပါပဲ။

အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်ရာမှာ လက်ကိုင်တုတ်အဖြစ် ပျူ‌စောထီး၊ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်း၊ မျိုးချစ်မဟာမိတ်အဖွဲ့ကို အသုံးပြုတယ်ဆိုတာ နှစ်ဖက်သွားဓားနဲ့ ထိုးသလို ပြည်သူအများစုဘက်ကို ထိုးတာ နက်ရှိုင်းသရွေ့ တခြားတဘက်ဖြစ်တဲ့ စစ်တပ်ထောက်ခံသူ မဘသ၊ ကြံ့ခိုင်‌ရေးပါတီဝင်တွေဘက် လူသတ်တာ ပါပါ၊ မပါပါ ထိုးစိုက်ဝင်ရောက်စေမယ့် အန္တရာယ်ဟာ လက်တကမ်းကို ရောက်လာနေပါပြီ။

အဲဒီအန္တရာယ်ကို အမြန်ဆုံးသိမြင်နိုင်ပြီး တပြည်လုံးရဲ့ ဘုံရန်သူ စစ်အကြမ်းဖက်ကောင်စီကို ပြည်သူတွေနဲ့အတူ လက်တွဲဖယ်ရှား ချေမှုန်းရာမှာ စစ်တပ်၊ မဘသ၊ ကြံ့ခိုင်‌ရေးပါတီဝင်ဟာ ပါနိုင်ရင်ပါ၊ အချိန်မီ မပါနိုင်ရင်တော့ လူထုရဲ့ ပကတိဒေါသလှိုင်းကြီး ရိုက်ခတ်လာချိန်မှာ အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ အဖြစ်ဆိုးတွေနဲ့ မကြုံဆုံရအောင် တရားခံ စစ်မိစ္ဆာမင်းအောင်လှိုင်နဲ့ လက်မရွံ့ အာဏာပါးကွက်သားတွေကို ဝိုင်းဝန်းရှင်းလင်းကြဖို့ လိုပါကြောင်း အသိပေးအပ်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024