စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မူသားကုန်းရွာမှာ မေ ၁၉ ရက်၊ ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေ အိမ်လေးလုံးနဲ့ ဆိုယ်ကယ်တွေကို မီးရှို့သွားတယ်လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။
“မီးရှို့ခံလိုက်ရတာက မနေ့ကညနေ ရှို့သွားတာဗျ။ ရေဦးမြို့နယ်အတွင်းက စစ်ကြောင်းသုံးကြောင်းခွဲပြီး လှုပ်ရှားနေတယ်။ မေလအတွင်းမှာ ဒီစစ်ကောင်စီတပ်တွေ အတော်လေး ရက်ရက်စက်စက် မီးရှို့နေတယ်။ ကြည့်ရတဲ့ပုံစံကတော့ ဒီစစ်ကောင်စီတွေက စနစ်တကျကို ဖျက်ဆီးနေတာ တွေ့ရတယ်။ သူတို့က တွေ့တဲ့ရွာတွေကို မီးရှို့နေတာတွေ ရှိနေတယ်ဗျ။ ကျနော်တို့ ရေဦးနယ်မှာ မေလအတွင်း မဒိုင်ပင်ရွာက စစ်ရှောင် ၅၀ ကျော်ဖမ်းပြီး အယောက် ၃၀ ကျော် သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တယ်။ လက်ရှိအချိန်မှာ ဖမ်းဆီးခံရသူ ၅၀ ထဲက ရွာသား ၂၀ ကျော် ပျောက်ဆုံးနေဆဲပဲ။”
အခုလို မိုးရာသီမှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေအတွက် အမိုးအကာတွေ အရေးပေါ် လိုအပ်နေပါတယ်။
ဒါ့အပြင် ဒေသခံ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေး လုပ်ဆောင်ရာမှာ အခက်အခဲ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ကနီမြို့နယ်မှာလည်း ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းနဲ့ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း စတဲ့နေရာတွေကို မေလဆန်းပိုင်းကနေ စစ်ကြောင်းထိုးတာတွေ ပြုလုပ်ပြီး ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဆိုပါတယ်။
ကနီစစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးက “စစ်ကြောင်းက နှစ်ကြောင်းနဲ့ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း၊ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းတွေမှာ စစ်ကြောင်းထိုးနေတာတွေ ပြုလုပ်နေတယ်ဗျ။ မေလ ၁၁ ရက်နေ့ကနေ ယင်းမာပင်မြို့နယ်ဘက်ကနေ စစ်ကြောင်းတကြောင်း ဝင်လာတယ်။ အဲဒီစစ်ကြောင်းက မေလ ၁၈ ရက်နေ့က ဆင်စမ်းကျေးရွာ၊ သရက်တောကျေးရွာနဲ့ ခိုတွင်းကျေးရွာတွေကို မီးရှို့ခဲ့တယ်ဗျ။ မနေ့ ၁၉ ရက်နေ့ကတော့ ငါဖျတ်တောတိုက်ကတဲတွေ၊ မုတ်ဌောတောတိုက်ကတဲတွေ မီးရှို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်ဗျ။ ဒုတိယစစ်ကြောင်းကတော့ မေလ ၁၈ ရက်နေ့ကနေစပြီး ဘုတလင်မြို့နယ် ရေဘုတလင်ရွာ၊ ချောင်းဝကြီးရွာတွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်။ အဲရွာကနေ ကျနော်တို့ ကနီမြို့နယ် ဝက်ချောင်းလေးရွာနဲ့ နတ်ကြီးရွာကို မေလ ၁၈ ရက်နဲ့ မေလ ၁၉ ရက်နေ့တွေမှာ မီးရှို့ခဲ့တယ်ဗျ။ အခုလည်း မေလ ၂၀ ရက် မနက်ခင်း ၈ နာရီအချိန်က ဝက်ချောင်းကြီးကျေးရွာကို မီးရှို့နေတယ်။ ဘာကြောင့် အခုလို ကျနော်တို့ ကနီမြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့တာလဲတော့ မသိရသေးဘူဗျ။ မီးလောင်တဲ့ နေအိမ်အရေအတွက် အတိအကျ စာရင်းပြုစုဖို့ရာလည်း လောလောဆယ် စစ်ကြောင်းက ကနီမြို့နယ်အတွင်းက မထွက်သေးဘူး ဖြစ်နေတော့ အခက်အခဲ ဖြစ်နေရတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီက မီးရှို့ခဲ့တဲ့ ကျေးရွာ ၆ ရွာအထိ ရှိနေပြီး တောတိုက်တဲ အပါအဝင် ဒေသခံ ၅,၀၀၀ ကျော် မီးဘေးသင့်ဒုက္ခသည်ဘဝ ရောက်နေကြရတယ်လို့ ကနီဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။