ဆွီဒင်နှင့်ဖင်လန်တွင် နေတိုးစစ်အင်အားချထားလျှင် ဥရောပအတွက် မရေရာမှုအသစ် တိုးလာနိုင်

ဆွီဒင်နဲ့ ဖင်လန်တို့ ၂ နိုင်ငံထဲကို နေတိုးစစ်မဟာမိတ်အဖွဲ့က စစ်အင်အားတွေ ချထားလိုက်တယ်ဆိုရင်တော့ ဥရောပအတွက် မရေရာမှုအသစ်တွေ ထပ်တိုးလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ 

ဆွီဒင်နဲ့ ဖင်လန်တို့ဟာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်လွှာတင်ထားပြီးပါပြီ။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ နော်ဒစ် ၂ နိုင်ငံက လုပ်ဆောင်ချက်ဟာ ရုရှားအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု မဟုတ်ပေမယ့်လည်း နေတိုးအဖွဲ့ဟာ ဖင်လန် သို့မဟုတ် ဆွီဒင်နယ်မြေတွေပေါ်မှာ အခြေခံစစ်စခန်းတွေ လာချထားမယ်ဆိုရင်တော့  မော်စကိုက တုံ့ပြန်သွားမှာ ဖြစ်ကြောင်း မေ ၁၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။  

ပူတင်ရဲ့ မှတ်ချက်စကားဟာ ရုရှားနိုင်ငံရဲ့ အနောက်မြောက်ပိုင်း နယ်စပ်ပေါ်မှာ လိုအပ်လာရင်လည်း  ထိုးစစ်ကို အသုံးပြုမယ့်သဘော ဖြစ်တယ်လို့ ရုရှားစစ်တပ်ကျွမ်းကျင်ပညာရှင် ဗလာဒီမာ ယက်စီယက်ဗ် က ပြောပါတယ်။ 

နေတိုးအဖွဲ့ကသာ ဖင်လန်နဲ့ ဆွီဒင်မှာ စစ်အင်အားနဲ့ လက်နက်တွေ တပ်ဖြန့်ထားမယ်ဆိုရင် ရုရှားကလည်း တပ်ဖွဲ့တွေကို ချမှာဖြစ်ပြီး အဲဒီတပ်ဖွဲ့တွေဟာလည်း လိုအပ်ရင် လိုအပ်သလို မြေပြင်မှာရှိတဲ့ နေတိုးစခန်းတွေကို မြေပြင်စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ ရုရှားက ခွင့်ပြုထားပြီးသားဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။ 

သဘောထားစစ်တမ်းတွေမှာတော့ NATO လျှောက်လွှာကို ထောက်ခံတဲ့ ဖင်လန်နိုင်ငံသား အရေအတွက် တိုးလာနေတယ်လို့ ဖော်ပြထားပါတယ်။ 

ဒါဟာ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပြီးကတည်းက အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ ပြင်းထန်တဲ့ ရုရှားဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေကနေ ဖြစ်လာတာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

NATO အဖွဲ့ထဲ ဝင်ဖို့ကို ဆန့်ကျင်ပြောဆိုသူတွေကို ခြောက်လှန့်မှုတွေ ရှိနေတယ်လို့လည်း ဖင်လန်ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။ 

နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးသိပ္ပံပညာရှင်တွေနဲ့ တခြားကျွမ်းကျင်သူတွေ အပါအဝင် ဖင်လန်က သြဇာကြီးသူတွေ အများအပြားဟာ နေတိုးကို ဆန့်ကျင်ပြောဆိုလို့ဆိုပြီး လူအမျိုးမျိုး ခြိမ်းခြောက်မှုတွေ ခံခဲ့ရပြီးတော့ သူတို့ရဲ့ မိသားစုတွေလည်း ဖိအားတွေ ခံနေရတယ်လို့ ဆိုပါတယ်။ 

အမှားတရပ်လို့ ခေါ်ဆိုရမယ့် ဖင်လန်နဲ့ ဆွီဒင်တို့ရဲ့ နေတိုးအဖွဲ့ကို ဝင်ချင်နေတဲ့  ဆုံးဖြတ်ချက်ကို မော်စကိုဟာ လက်ခံမှာမဟုတ်ကြောင်း ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov ကလည်း မေ ၁၆ ရက်နေ့မှာ ပြောထားပါတယ်။ 

//
More News
Up