ဆီးဂိမ်းစ်အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ်ဆုရ

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲရဲ့ အမျိုးသမီး ၂ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မေလ ၁၉ ရက်ကကျင်းပရာမှာ   မြန်မာအသင်းက  အိမ်ရှင်ဗီယက်နမ်ကို ၂ ပွဲ ၁ ပွဲနဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆု ရရှိသွားပါတယ်။

မြန်မာပိုက်ကျော်ခြင်းအသင်းမှာ ယမုံဇင်၊ ခင်နှင်းဝေ၊ ဖြူဖြူသန်းတို့ပါဝင်ပြီး မြန်မာအားကစားအဖွဲ့အတွက်  ၇ ခုမြောက် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့တာပါ။

အမျိုးသား ၂ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာတော့ မြန်မာက အင်ဒိုနီးရှားကို ၂ ပွဲပြတ်နဲ့ ရှုံးနိမ့်ပြီး တတိယကြေးတံဆိပ်ပဲရယူနိုင်ခဲ့ပါတယ်။

ဒီနေ့ ယှဉ်ပြိုင်ခဲ့တဲ့ ပြေးခုန်ပစ်ပြိုင်ပွဲရဲ့ ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲမှာ မေဇင်သက်က ဒုတိယငွေတံဆိပ်တစ်ခု၊ တိုက်ကွမ်ဒို ၄၉ ကီလိုတန်းကနေ ဒေစီဦးဂျူးလိယက်က ဒုတိယငွေတံဆိပ်တစ်ခု၊ ဂျူဒို ၅၇ ကီလိုတန်းမှာ ခြူးမြတ်နိုးဝေနဲ့ ၆၃ ကီလိုတန်းမှာ နွယ်နီပွင့်လှိုင်တို့က  ဒုတိယငွေတံဆိပ်တစ်ခုစီရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကနူးလှေ၊ တိုက်ကွမ်ဒိုနဲ့ ဗိုဗီနမ်ပြိုင်ပွဲတွေကနေလည်း တတိယကြေးတံဆိပ် ၄ ခုရရှိခဲ့ပါတယ်။

မေလ ၁၉ ရက်အထိ ပွဲစဉ်တွေအပြီး ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ မြန်မာက ရွှေတံဆိပ် ၇ ခုရရှိထားပြီး နိုင်ငံအလိုက် အဆင့် ၇  နေရာမှာဆက်လက်ရပ်တည်နေပါတယ်။ အဆင့် ၈ နေရာက ကမ္ဘောဒီးယားက ရွှေတံဆိပ် ၆ ခုနဲ့ ကပ်လိုက်နေပါတယ်။

//
More News
Up