ချင်းမိုင်ခရိုင်တွင် ချစ်သူရည်းစားရှာဖွေရေး လုပ်ငန်းအမည်ခံ ငွေလိမ်ဂိုဏ်းကို ထိုင်းရဲဖမ်းဆီး

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖှန်မြို့နယ်ရှိ အဆင့်မြင့် Resort တခုမှာ ကြင်ဖော် ရည်းစားရှာဖွေရေး ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုငွေတွေ လိမ်လည်ရယူနေတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ပါ Romance Scam ဂိုဏ်းကို ဖမ်းဆီးရမိကြောင်း ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မေ ၁၉ ရက် ဒီနေ့မနက် ၉ နာရီ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဖှန်မြို့နယ် မဲ့ဆွန်ရပ်ကွက်ရှိ ဟိုတယ်တခုထဲမှာ နိုင်ငံခြားသားတွေ စုပြီး အွန်လိုင်းမှ ချစ်သူရည်းစားရှာဖွေတာ၊ ငွေလိမ်တောင်းတာ စတဲ့အလုပ်တွေ လုပ်ကိုင်နေကြောင်း တိုင်တန်းချက် ရတဲ့အတွက် သွားရောက်စစ်ဆေးကာ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးခဲ့တယ်လို့ ခရိုင်ရဲ ဒုမှူးကြီး ဖိချိတ် ကျီရနန်တဆင်က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသား အယောက် ၂၀၊ ထိုင်းဒေသခံ ၄ ဦး၊ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၄ ဦး ပါဝင်ပြီး လိမ်လည်မှုမှာ အသုံးပြုခဲ့တဲ့ ကွန်ပျူတာ ၁၀ လုံး၊ CPU ၁၀ လုံး၊ ဆင်းကတ်အမျိုးမျိုး ထည့်ထားတဲ့ တယ်လီဖုန်း ၂၄၄ လုံး၊ ဆင်းကတ် ၆ ခု၊ flash drive တို့ကို သက်သေခံပစ္စည်းအဖြစ် ဖမ်းမိတယ်လို့ ဆိုပါတယ်။

HYBRID SCAM လို့ အမည်ပေးထားတဲ့ အဆိုပါဂိုဏ်းရဲ့ လိမ်ပုံလိမ်နည်းကတော့ နိုင်ငံတကာက ရုပ်ရည်ချောမောလှပသူတွေရဲ့ ဓာတ်ပုံတွေကိုရှာဖွေပြီး လူမှုကွန်ရက်မှာ မိမိပရိုဖိုင်းအဖြစ်နဲ့ နာမည်တုတခုပေးပြီး တင်ထားကြောင်း၊ အဲဒီနောက် သားကောင်ကို ရှာဖွေ မိတ်ဆက် ရင်းနှီးကျွမ်းဝင်အောင် အရင်လုပ်၊ ရည်းစားစကားတွေ ပြောပြီး ချစ်သူဖြစ်ပါက နိုင်ငံခြားမှ လက်ဆောင်ပစ္စည်း ပို့လိုက်တယ်လို့ ပြောကြောင်း၊ နောက်အဖွဲ့ဝင်က မိမိကိုယ်မိမိ စာတိုက်ကြီးမှ တာဝန်ရှိသူအဖြစ် အယောင်ဆောင်ပြီး ပစ္စည်းရွေးယူဖို့ အခွန်ငွေ ဆောင်ဖို့ပြောကြောင်း၊ ငွေသွင်းပြီးပါက အဆက်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိအား ယုံကြည်သူထံမှ အွန်လိုင်းစီးပွားရေးလုပ်ဖို့ အရင်းအနှီးထည့်ဝင်ပြီး အစပိုင်းမှာ အမြတ်အစွန်းငွေတချို့ကို လွှဲပေးခဲ့ကြောင်း၊ ယုံကြည်သူက အမြတ်ပိုရဖို့ အရင်းအနှီး ပမာဏ ပိုစိုက်တဲ့ခါ အဆက်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီအလုပ် လုပ်နေတဲ့ ဂိုဏ်သားတွေဟာ လစာ တလကို ဘတ် ၂၅,၀၀၀ မှ ၃၅,၀၀၀ ထိရကြပြီး အလုပ်ချိန် တနင်္လာမှ သောကြာထိ မနက် ၉ နာရီမှ ည ၉ နာရီထိ၊ စနေ၊ တနင်္ဂနွေဆိုရင် နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီ ကွန်ပျူတာရှေ့ထိုင်ကာ အလုပ် လုပ်ရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၂၄ ဦးကို ကွန်ပျူတာဥပဒေ၊ မိမိမဟုတ်တဲ့ တခြားသူအဖြစ် လိမ်လည်လှည့်ဖြားမှု၊ အချက်အလက်များ လိမ်လည်မှု၊ ငွေလိမ်မှုတွေနဲ့ စွဲချက်တင်ထားပြီး နိုင်ငံခြားသားတချို့မှာ ဗီဇာကျော်လွန်ခြင်း၊ နိုင်ငံထဲမှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်ခြင်း စတဲ့ အမှုတွေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။

ထိုင်းမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်း စတဲ့ခရိုင်တွေမှာ လည်ပတ်စရာ အပန်းဖြေနေရာတွေ များတာကြောင့် နိုင်ငံခြားခရီးသွား အမြောက်အမြား လာရောက်လေ့ရှိပြီး လိမ်ညာသူတွေလည်း ရောပါလာတတ်တာမို့ သတိထားပြီး ကြပ်မတ်စစ်ဆေးဖို့ ခရိုင်ရဲမှူးက ပြောပါတယ်။

//
More News
Up