Home
မြန်မာသတင်း
ပွင်ဖြူမြို့ စစ်ဆေးရေးဂိတ်နား မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ရဲ ၂ ဦး ဒဏ်ရာရရှိ
DVB
·
May 19, 2022

မကွေးတိုင်း ပွင့်ဖြူမြို့တောင်ဘက် စစ်ဆေးရေးဂိတ်နားမှာ မေ ၁၈ ရက် မနက် ၈ နာရီခွဲလောက်က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပွင့်ဖြူ PDF က ပြောပါတယ်။

ပွင့်ဖြူမြို့ တောင်ဘက်ဂိတ်မှာ ရဲတပ်ဖွဲ့က ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ပိတ်ဆို့စစ်ဆေး ဒုက္ခပေးနေတာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ပွင့်ဖြူ PDF တာဝန်ခံ ဗိုလ်ကျားကြီးက ဒီဗွီဘီကို ပြောပါတယ်။

“အပြစ်မဲ့ပြည်သူတွေ သွားရေးလာရေး အဆင်မပြေလို့ ဆိုင်ကယ်မှာ အဝေးထိန်းမိုင်းဆင်ပြီး ဖောက်ခွဲတိုက်ခိုက်လိုက်တာပါ။ ရ(--) ၂ ကောင်အနက် တကောင်ကတော့ ကျနော်တို့ရှေ့တင် ပစ်လဲသွားတယ်။ နောက်တကောင်ကတော့ သာမန်ဒဏ်ရာပဲရပြီး ရဲစခန်းထဲကို သယ်သွားကြတယ်။ ပြီးတော့ ဆေးရုံက ဆရာမတယောက်ကို ခေါ်ပြီး ဆေးကုသမှု ခံယူတယ်တော့ ကြားတယ်။ အပြင်းအထန် ဒဏ်ရာရသွားတဲ့ ရဲ(…) တကောင်ကတော့ သေမလားရှင်မလား မသိရသေးဘူး။ ပြည်သူနဲ့မလွတ်လို့ Mission တချို့ ဖျက်သိမ်းလိုက်ရတယ်။ အဲဒီနေ့ကလည်း ရွှေပန်းအုပ်ကြီးအိမ်မှာ ဖောက်ခွဲဖို့ စီစဉ်ပြီးသားကို ပြည်သူနဲ့မလွတ်လို့ ဖျက်သိမ်းလိုက်ရတယ်။ အဲဒီမိုင်းတွေကို စစ်ကောင်စီတပ်သားတွေ တွေ့သွားပြီး ကားတာယာကွင်းနဲ့ ကာပြီး ဖောက်ခွဲ ဖျက်ဆီးလိုက်ကြတယ်။”

ပွင့်ဖြူ PDF အနေနဲ့ ငွေကြေးမပြည့်စုံလို့ အရည်သွေးရှိတဲ့ လက်နက်ပစ္စည်းတွေကို မသုံးနိုင်တာကြောင့် သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ထိထိရောက်ရောက် မတိုက်ခိုက်နိုင် ဖြစ်နေတာကြောင့် ပြည်သူ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ ယောက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်းအတွင်း မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ အခုလအတွင်း စစ်ကောင်စီတပ်သားတွေ တင်းတင်းကျပ်ကျပ် ပိတ်ဆို့စစ်ဆေးနေသလို အပြစ်မဲ့ပြည်သူ ၅၀ ကျော်လောက်ကိုလည်း နည်းအမျိုးမျိုးနဲ့ စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024