Home
မြန်မာသတင်း
ငပလီမြို့၌ ဆန္ဒပြသူကိုပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည့် လူငယ်အမှု အပြီးသတ် အမိန့်ချမည်
DVB
·
May 19, 2022

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူ လွတ်မြောက်ရေးတောင်းဆိုခဲ့တဲ့ ငပလီဒေသခံ လူငယ်တယောက်ကို မေ ၂၀ ရက် ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။

သံတွဲဒေသခံတဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြလို့ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးတာနဲ့ ပတ်သက်လို့ အခင်းဖြစ်တဲ့ နေရာမှာတင် ပြန်လည်လွှတ်ပေးဖို့ သွားရောက်ပြောဆိုခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။

သံတွဲမြို့နယ် တရားရုံးမှာ မေ ၁၃ ရက်က နှစ်ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ ပေးခဲ့ကြပြီး လာမယ့်ရုံးချိန်းမှာ အမိန့်ချဖို့ ချိန်းဆိုလိုက်တယ်လို့ အစ်မဖြစ်သူ အထက်တန်းရှေ့နေ ဒေါ်မျိုးသင်ဇာထွန်းက ဆိုပါတယ်။

"မနက်ဖြန်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမှတ်သွားမှာပါ။ အပြီးသတ် လျှောက်လဲချက်ကတော့ မေ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ကြတာဖြစ်တယ်။"

ငပလီဒေသခံ ကိုဟန်မျိုးသူရိန်ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့ လူတဦးကို ပြန်လွတ်ပေးဖို့ ပြောဆိုမှုအပေါ် လူစုလူဝေးဖြစ်အောင် ဦးဆောင်တယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ သံတွဲမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်က သံတွဲမြို့နယ် တရားရုံးမှာ တရားလိုလုပ်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို တရားစွဲဆိုခံခဲ့ရတဲ့ ကိုဟန်မျိုးသူရိန်ဟာ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားသူတဦးဖြစ်သလို NGO အဖွဲ့အစည်းတွေမှာလည်း လူ့အခွင့်ရေးဆိုင်ရာ သင်တန်းတွေ ပို့ချပေးနေသူ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024