ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၆၃၀၀ ကျော်၊ ၄၂ ဦး ထပ်မံသေဆုံး

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆,၃၀၅ ယောက်နဲ့ ၄၂ ယောက် ထပ်မံပြီးတော့ သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လတ်တလော ကူးစက်မှုအသစ် ၆,၃၀၀ ကျော်ထဲမှာတော့ ပြည်ပနိုင်ငံတွေက ဝင်ရောက်လာသူတွေထဲက ၂ ယောက်နဲ့ ကျန်တဲ့ကူးစက်မှုတွေကတော့ ပြည်တွင်းကူးစက်မှုတွေလို့ ဆိုပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၇,၅၆၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်ခဲ့တဲ့ ၂၀၂၀ ပြည့် နှစ်ဆန်းပိုင်းကတည်းက လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ ဒသမ ၃၉ သန်းကျော် ရှိခဲ့ပြီး အဲဒီထဲက ၂ ဒသမ ၁၇ သန်းကတော့ အခုနှစ်ထဲမှာ ကူးစက်ခံရမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါပြန်လည်ပျောက်ကင်းလာသူပေါင်းကတော့ လတ်တလောအချိန်ထိ ၄ ဒသမ ၃ သန်း ရှိခဲ့ပြီလို့ ဆိုပါတယ်။

ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်မှာတော့ ၂၉,၆၃၇ ယောက် ရှိခဲ့ပြီး အဲဒီထဲက ၇,၉၃၉ ယောက်ကတော့ အခုနှစ်ထဲမှာ သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာလေဆိပ်တွေမှာ  Test & Go စနစ်ကို လည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။

//
More News
Up