ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး တူရကီက ကန့်ကွက်နေသော်လည်း အဆင်ပြေသွားမည်ဟု သမ္မတဘိုင်ဒင်ပြော

ဆွီဒင်နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့က နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်လွှာတင်လိုက်တာကို တူရကီက ကန့်ကွက်နေပေမဲ့ အဆင်ပြေသွားလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေ ၁၈ ရက်မှာ ပြောပါတယ်။

ဆွီဒင်နဲ့ ဖင်လန်တို့ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ တရားဝင် လျှောက်လွှာတင်ထားတဲ့အချိန်မှာ နေတိုးအဖွဲ့ဝင် တူရကီက ဒီနှစ်နိုင်ငံ နေတိုးအဖွဲ့ဝင် ဖြစ်ရေးကို ကန့်ကွက်မယ့်အကြောင်း ဒီရက်ပိုင်းအတွင်း ထုတ်ဖော်ပြောထားပါတယ်။

ဒီကိစ္စကို အမေရိကန်ဘက်က တူရကီဘက်ကို ဘယ်လိုနားချမလဲလို့ သတင်းထောက်တွေက မေးတဲ့အခါမှာ သမ္မတ ဂျိုးဘိုင်ဒင်က “ဒီကိစ္စက အဆင်ပြေသွားမယ်လို့ ထင်ပါတယ်” လို့ ဖြေကြားပါတယ်။

ဆွီဒင်နဲ့ ဖင်လန်တို့ဟာ စစ်အေးခေတ်တလျှောက်လုံး ဘက်မလိုက်နိုင်ငံတွေအဖြစ် ရပ်တည်ခဲ့ကြတဲ့ နိုင်ငံတွေဖြစ်လို့ အခုလို နေတိုးအဖွဲ့ဝင် ဖြစ်လာဖို့ လျှောက်လွှာတင်လိုက်တာဟာ မျက်မှောက် ဥရောပလုံခြုံရေးမှာ အလွန်ထူးခြားတဲ့ အလှည့် အပြောင်းအလဲ ဖြစ်လာပါတယ်။

နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံမယ့် လုပ်ငန်းစဉ်က ရက်သတ္တပတ် အနည်းငယ် ကြာပါလိမ့်မယ်။ ဆယ်စုနှစ်နဲ့ချီ တည်ဆောက်ထားတဲ့ ပိုနေမြဲ ကျားနေမြဲ ဥရောပလုံခြုံရေးဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ နောက်ပိုင်းမှာ အပြောင်းအလဲတွေ သိသိသာသာ ဖြစ်လာပါတယ်။

အထူးသဖြင့် နော့ဒစ်ဒေသမှာလည်း ပြည်သူတွေရဲ့လုံခြုံရေးအပေါ် အမြင်လည်း ပြောင်းလဲသွားပါတယ်။ အဖွဲ့ဝင်နိုင်ငံသစ် လက်ခံတဲ့အခါမှာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ ၃၀ လုံးက လွှတ်တော်တွေရဲ့ ထောက်ခံချက်လည်း လိုအပ်မှာ ဖြစ်ပြီး ဒါအတွက် တနှစ်လောက် ကြာနိုင်တယ်လို့ သံတမန်တွေက ပြောပါတယ်။

//
More News
Up